စင်ကာပူနံနက်ခင်းမှ သမိုင်းဝင် လက်ဆွဲနှုတ်ဆက်မှု

စင်ကာပူနံနက်ခင်းမှ သမိုင်းဝင် လက်ဆွဲနှုတ်ဆက်မှု
(ဓာတ်ပုံ - အီးပီအေ)

 

စင်ကာပူ၊ ဇွန် ၁၂ ။             ။ ကာလကြာရှည် တင်းမာတဲ့ ဆက်ဆံရေးနဲ့ ရန်ဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ စင်ကာပူနိုင်ငံက တစ်မြို့တည်းမှာ မိုင်အနည်းငယ်သာ ကွာပြီး ဇွန် ၁၁ ရက် နံနက်ခင်းကို အတူ နိုးထလာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံးအွန်တို့ရဲ့ ဇွန် ၁၂ ရက် ထိပ်သီးအစည်းအဝေးအတွက် ဇွန် ၉ ရက် ညပိုင်းက စင်ကာပူကို နှစ်ဦးသား ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်ရှိခဲ့ကြတာပါပဲ။

ဒီကနေ့ ဇွန် ၁၂ ရက်မှာတော့ စီစဉ်လိုက် ပျက်လိုက်ဖြစ်ခဲ့ရတဲ့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ ထိပ်သီးအစည်းအဝေးဟာ အမှန်တကယ် ဖြစ်မြောက်လာခဲ့ပါပြီ။

စင်ကာပူက ဆန်တိုဆာကျွန်းရဲ့ ဇိမ်ခံဟိုတယ်ကြီး ရှေ့မှာ ထရမ့်နဲ့ ကင်တို့ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံ လက်ဆွဲနှုတ်ဆက်လိုက်တာဟာ ကမ္ဘာသမိုင်းမှာ တာဝန်ထမ်းဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးတို့ရဲ့ ပထမဦးဆုံး လက်ဆွဲနှုတ်ဆက်ကြခြင်းပဲ ဖြစ်ပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ကြတဲ့ ခေါင်းဆောင် နှစ်ဦးသားဟာ စက္ကန့်အတန်ကြာအောင် လက်ဆွဲနှုတ်ဆက်ကြပြီးတော့ ထရမ့်က ကင်ဂျုံးအွန်ရဲ့ ညာပခုံးကို ရင်းရင်းနှီးနှီး ဖက်ကိုင်လိုက်ပါတယ်။

ဒီနောက်မှာ နှစ်ဦးသား ဟိုတယ်တွင်း အတူဝင်ရောက်ကြပြီး ထိပ်သီးအစည်းအဝေးရဲ့ သမိုင်းမျက်နှာစာကို ဖွင့်လှစ်လိုက်ပါတယ်။

အစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ အလုံးစုံ  နျူကလီးယား စွန့်လွှတ်ရေးကို ဆွေးနွေးဖို့ရှိသလို နှစ်ခြောက်ဆယ်ကြာ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးကိုပါ ဆွေးနွေးဖွယ် ရှိပါတယ်။

အမှန်တကယ်ပဲ မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ခဲ့ရင် အထူးလုံခြံုရေးအာမခံချက်ကို အမေရိကန်က ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required