မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သစ်မြစ်ချောင်းရေကျော်ကာ နိမ့်ကျပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သစ်မြစ်ချောင်းရေကျော်ကာ နိမ့်ကျပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်

 

မကွေး၊ ဇွန်လ ၁၁ ။                      ။ ဇွန်လ ၉ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားကာ မကွေးတိုင်းဒေသကြီး ငဖဲ-စေတုတ္တရာလမ်းရှိ သစ်မြစ်ချောင်းရေကျော် နိမ့်ကျမှုဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျှက် ရှိကြောင်း ယနေ့ ဇွန်လ (၁၁)ရက်နေ့က စေတုတ္တရာမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက ပြောသည်။

ယခုအချိန်အထိ မိုးအဆက်မပြတ် ရွာသွန်းနေပြီး ချောင်းရေများလည်း ကျနေသေးသဖြင့် သစ်မြစ်ချောင်း ရေကျော် ပျက်စီးမှုအတိုင်းအတာ မည်သို့ရှိမှန်း မသိရသေးကြောင်း၊ အဆိုပါ ရေကျော်တံတား နိမ့်ကျမှုကြောင်း ငဖဲ-စေတုတ္တရာနှင့်ရန်ကုန်အထိဆက်သွယ်ထားသည့် လမ်းကြောင်း ပြတ်တောက်ခဲ့သဖြင့် တစ်ခြား စလင်းလမ်းလွှဲမှ သွားနေရသည်ဟု သိရသည်။

“ ချောင်းရေတိုက်စားတဲ့အတွက် သစ်မြစ်ချောင်းရေကျော် နိမ့်ကျသွားတယ် တံတားရဲ့ ချဉ်းကပ်လမ်း မြေတွေကိုလည်း ချောင်းရေကတိုက်စားသွားတဲ့အတွက် အဲ့ဒီလမ်းကသွားမရပါဘူး၊ စလင်းလမ်းလွှဲက သွားနေ ရပါတယ်” ဟု ၎င်းကပြောသည်။

ဇွန်လ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် “ ချောင်းရေကကျနေဆဲဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဘာမှလုပ်လို့ မရသေးပါဘူး ပျက်စီးမှု ဘယ်လောက်ရှိနိုင်တယ်ဆိုတာ မသိရသေးပါဘူး” ဟု ဒေါ်ညိုညိုဦးက မဇ္ဈိမသို့ ပြောသည်။

စေတုတ္တရာမြို့သည် တောတောင်များကြားတွင် တည်ရှိသဖြင့် မိုးများအဆက်မပျက်ရွာသွန်းမှုကြောင့် ချောင်းရေများ ကျ၍ လမ်းများ ပြတ်တောက်ခြင်း၊ ဖုန်းလိုင်းများ ပျက်ခြင်းတို့ကြံုတွေ့နေရကြောင်း၊ စေတုတ္တရာမြို့နယ်ထဲရှိ မိုးပုလဲကျေးရွာသည် ချောင်းနှင့်နီးသည့်အတွက် ချောင်းရေများ ရွာထဲဝင်၍ ချောင်းရေနှင့် လွတ်သည့်နေရာတွေကို ရွှေ့ပြောင်းနေရခြင်းများ ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly