မလေးရှားသို့ တရားမဝင် မလာရောက်ရန် မြန်မာသံရုံးသတိပေး

မလေးရှားသို့ တရားမဝင် မလာရောက်ရန် မြန်မာသံရုံးသတိပေး

ရန်ကုန်၊ ဇွန် ၁၀ ။            ။ မလေးရှားနိုင်ငံအစိုးရသည် မလေးရှားနိုင်ငံတွင်းရှိ တရားမဝင် နိုင်ငံခြားသားအလုပ်သမားပြဿနာကို တင်းကျပ်သည့် စည်းမျဉ်းဥပဒေများနှင့် ကိုင်တွယ်ဆောင်ရွက်နေသောကြောင့် တရားမဝင် လာရောက်အလုပ် မလုပ်ကိုင်ကြရန် မလေးရှားရှိ မြန်မာလုပ်သားများကို မြန်မာသံရုံးမှ သတိပေးလိုက်သည်။

ဇွန်လ ၁ ရက်နေ့တွင် ကွာလာလမ်ပူမြို့ Petaling လမ်းရှိ လူဝင်မှုကြီးကြပ်ရေးဌာန၏ တရားမဝင်နိုင်ငံခြားသား အလုပ်သမားများဖမ်းဆီးရေး လုပ်ငန်းစီမံချက်ကို စတင်ချမှတ်ခဲ့ပြီး တရားမဝင်အလုပ်သမား ၁၇၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် လုပ်သမားများအား မလေးရှားမှ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက် မှုဖြင့် အရေးယူသွားမည်ဖြစ်ပြီး ဖမ်းဆီးခံရသည့်အထဲတွင်   မြန်မာဘယ်နှစ်ယောက် ဖမ်းဆီးခံခဲ့ရသည်ကိုတော့ မသိရှိရသေးကြောင်း သံရုံးက ဇွန်လ ရ ရက်နေ့က ထုတ်ပြန်ထားသည်။

 ထို့ပြင် တရားမဝင်အလုပ်သမားများ ငှားရမ်းခြင်းအစီအစဉ် (Rehiring Program) ကို ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းတွင် ဆက်လက် ဆောင်ရွက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မလေးရှားနိုင်ငံ၊   ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီး Muhyiddin Yassin မှ တရားဝင် ကြေညာထားကြောင်း မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား သံရုံးမှအသိပေးကြေညာထားသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားများကိုဖမ်းဆီးခံရ၍ ပြစ်ဒဏ်ခံရပြီးသည့်အခါတွင် အသင့်ရှိသည့် ထိန်းသိမ်းရေးစခန်း ၁၁ ခုသို့ပို့လေ့ရှိပြီး အဆိုပါထိန်းသိမ်းရေးစခန်းများမှ သံရုံးမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂၀၀ ကျော်ခန့်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သား ၄ သိန်းခန့်ရှိနေပြီး တရားမဝင် ၀င်ရောက်အလုပ်လုပ်ကိုင်နေသူမှာ ထက်ဝက်ခန့် ရှိနေကြောင်းလည်း သိရသည်။ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားအများစုမှာ ဆောက်လုပ်ရေး၊ စက်ရုံ/ အလုပ်ရုံ၊ ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်း တို့တွင် အများဆုံး ၀င်ရောက်လုပ်ကိုင်နေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required