နိုင်ငံတစ်ခုနှင့်တစ်ခုကြား ရေနံပိုက်လိုင်းများချိတ်ဆက်ရန် တရုတ်၊ ရုရှားနှင့် မွန်ဂိုလီးယားတို့ ဆွေးနွေး

နိုင်ငံတစ်ခုနှင့်တစ်ခုကြား ရေနံပိုက်လိုင်းများချိတ်ဆက်ရန် တရုတ်၊ ရုရှားနှင့် မွန်ဂိုလီးယားတို့ ဆွေးနွေး

ကွင်ဒေါင်၊ တရုတ်၊ ဇွန် ၁၀ ။               ။ တရုတ်သမ္မတ ရှီကျင်းဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မွန်ဂိုလီးယားသမ္မတ ခယ်လ်မာဘတ်တူလ်ဂါတို့ သည် စနေနေ့က တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကွင်ဒေါင်မြို့တွင် သုံးပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲကျင်းပခဲ့ပြီး ၄င်းတို့ ၃ နိုင်ငံတစ်လျှောက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ချိတ်ဆက်တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့ကြ သည်။

သုံးပွင့်ဆိုင်အစည်းအဝေးသည် ၄င်းတို့ ၃ နိုင်ငံ၏ လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) ၏ ထိပ်သီးစည်းဝေးပွဲနှင့်အပြိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် ရုရှားတို့သည် ယင်းအဖွဲ့အစည်းကို တည်ထောင်ခဲ့ကြသူများဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံက လေ့လာသူ အဖြစ် ပါ၀င်ခြင်းဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံတစ်လျှောက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများတည်ဆောက်ပြီး တရုတ်၊ ရုရှားတို့နှင့် ဆက်သွယ်မည့်အကြံအစည်ကို သမ္မတခယ်လ်မာဘတ်တူလ်ဂါက အစပြုခဲ့ခြင်းဖြစ်ပြီး ရုရှားသမ္မတပူတင်က ထောက်ခံခဲ့သည်။

“ယေဘူယျအားဖြင့်တော့ ဒါဟာအကြံကောင်းတစ်ခုပါပဲ။ လေ့လာမှုတွေ၊ ဆန်းစစ်မှုတွေပြုလုပ်ဖို့တော့ လိုပါသေးတယ်” ဟု ရုရှားသမ္မတပူတင်က ပြောဆိုခဲ့သည်။

၄င်းတို့ ၃ နိုင်ငံသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား ဆက်သွယ်ထားသော ရထားလမ်းနှင့် ကားလမ်းမများကို အဆင့်မြှင့်တင်ဖို့လည်း ဆွေးနွေးခဲ့ပြီး ယင်းအစီအစဉ်သည် ဥရောပနှင့်အာရှ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုအရ ချိတ်ဆက်မည့် တရုတ်၏ ပိုးလမ်းမသစ် စီမံကိန်းကြီးအတွက်လည်း အရေးပါသည်။

မွန်ဂိုလီးယားနိုင်ငံသည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ အများဆုံးဆက်ဆံလျက်ရှိပြီး ၄င်းတို့ နိုင်ငံ၏ ပို့ကုန် ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ မွန်ဂိုလီးယား၏ အဓိကပို့ကုန်မှာ သတ္တုတွင်းထွက်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required