၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲ၏ ပြိုင်ပွဲရလာဒ်များကို ခန့်မှန်းပေးမည့် ကြောင်ကလေး အာခိလိစ်

၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲ၏ ပြိုင်ပွဲရလာဒ်များကို ခန့်မှန်းပေးမည့် ကြောင်ကလေး အာခိလိစ်

စိန့်ပီတာစ်ဘာ့ဂ်၊ ရုရှား၊ ဇွန် ၁၀ ။              ။ လွန်ခဲ့သော ၂၀၁၀ ခုနှစ်က တောင်အာဖရိကတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြိုင်ပွဲရလာဒ်များကို တိကျမှန်ကန်စွာခန့်မှန်းပြီး နာမည်ကျော်ကြားခဲ့သည့် ရေဘဝဲလေးပေါလ်ကဲ့သို့ ယခုအခါတွင် ရုရှားနိုင်ငံမှ နားထိုင်းနေသော ကြောင်ကလေးအာခိလိစ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရလာဒ်များကို ခန့်မှန်းရန် တရားဝင် တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။

ရေဘဝဲလေးပေါလ်သည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နိုင်ငံအသင်း၏အလံကပ်ထားသော အစားအစာများ ထည့်သွင်းထားသည့် ဘူးလေးနှစ်ဘူးထဲမှ တစ်ဘူးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူရွေးသည့် ဘူးပေါ်၌မှ ကပ်ထား သော အလံ၏ ပိုင်ရှင်အသင်းတိုင်းနီးပါးသည် ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့သည်။

ယခု ၂၀၁၈ ပြိုင်ပွဲတွင် ဟူးရားဗေဒင်ဆရာလေးအဖြစ် ဟောကြားမည့် ကြောင်ကလေး အာခိလိစ်ကမူ အသင်းအလံများကပ်ထားသော စားခွက်များထဲမှ တစ်ခွက်ကိုရွေးချယ်ကာ ခန့်မှန်းမည်ဟု သိရသည်။

“ကြောင်လေးအာခိလိစ်ကို ပြိုင်ပွဲရဲ့ ဟူးရားဗေဒင်ဆရာလေးအဖြစ် ကျမတို့ရွေးချယ်ခဲ့ပါတယ်။ သူဟာ တခြား ကြောင်ဖြူလေးတွေလို မျက်လုံးပြာလေးနဲ့ လှပတဲ့ကြောင်လေးပါ။ဒါပေမယ့် သူဟာ နားထိုင်းနေပါတယ။ ဒါကြောင့်ပဲ သူဟာ အရာအားလုံးကို သူ့ရဲ့နှလုံးသားနဲ့ပဲ ခံစားနားလည်ပြီး ၀မ်းတွင်းအသိနဲ့ သိတဲ့သူဖြစ်တာ ကြောင့် သူ့ကိုရွေးချယ်ခဲ့ပါတယ်” ဟု စိန့်ပီတာစ်ဘာ့ဂ်မြို့ရှိ ဟာမီတေ့ဂျ်ပြတိုက်မှ ကြောင်လေးများ၏ တိရစ္ဆာန်အထူးကုဆရာဝန်ဖြစ်သူ အန်နာကာဆက်ကီနာက ပြောခဲ့သည်။

အာခိလိစ်သည် အခြားကြောင်များနှင့်အတူ ဟာမီတေ့ဂျ်ပြတိုက်၌ ရှဉ့်နှင့် ကြွက်ကဲ့သို့ ကိုက်ဖြတ်တတ်သော သတ္တဝါများ၏ရန်ကို ကာကွယ်ပေးစောင့်ရှောက်ပေးနေသူဖြစ်ပြီး ပြိုင်ပွဲ၌ ရလာဒ်များကိုခန့်မှန်းပေးရန်အတွက် ပြိုင်ပွဲကာလအတွင်း သူတစ်သက်လုံးနေထိုင်လာသော ပြတိုက်မှ ထွက်ခွာသွားမည်ဟု သိရသည်။

ကြောင်ကလေးအာခိလိစ်နှင့် ရေဘဝဲလေးပေါလ်ကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ရလာဒ်များကို ခန့်မှန်းပေးသည့် အခြားသတ္တဝါလေးများလည်း ပြိုင်ပွဲကျင်းပသည့်နှစ်တိုင်း ပေါ်ပေါက်ခဲ့ဖူးသည်။ လွန်ခဲ့သော ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကာလက ရေဘဝဲလေးပေါလ်သည် ဂျာမနီအသင်း၏ ပြိုင်ပွဲများအားလုံးကို တိကျစွာခန့်မှန်း ပေးနိုင်ခဲ့သလို စပိန်အသင်းဗိုလ်စွဲမည်ဟု မှန်ကန်စွာဟောကိန်းထုတ်ခဲ့သည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံမှ ပူးကလေး မဒမ်ရှီဗာနှင့် ဗြိတိန်မှ ပီရန်ဟာပီလီတို့လည်း ပြိုင်ပွဲ ရလာဒ်များကို ခန့်မှန်ပေးခဲ့ဖူးသော်လည်း ထိုနှစ်ကောင်စလုံးမှာ ရေဘဝဲလေးပေါလ်ကဲ့သို့ မှန်ကန်စွာ မခန့်မှန်း နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly