လေဖိအားနည်းရပ်ဝန်းကြောင့် မိုးကြီးခြင်းနှင့်အတူ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ဟု သတိပေး

လေဖိအားနည်းရပ်ဝန်းကြောင့် မိုးကြီးခြင်းနှင့်အတူ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ဟု သတိပေး

ဇွန်လ ၁၀ ။               ။ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်အတူ   မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇွန်လ ၁၀ ရက်တွင် သတိပေးထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊   ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် ထုတ်ပြန်ထားသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ ယမန်နေ့ ဇွန်လ ၉ ရက် ခန့်မှန်းချက်အရ ဇွန်လ ၁၃ ရက်အထိ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေခြင်း ဖြစ်သောကြောင့် ဇွန်လ ၉ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံ တဝှမ်းတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly