စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းအား တိုင်ကြားခဲ့သည့်အမှုများမှာ ခိုင်လုံမှုမရှိဟု ဆို

စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းအား တိုင်ကြားခဲ့သည့်အမှုများမှာ ခိုင်လုံမှုမရှိဟု ဆို
ဓာတ်ပုံ - EPA
 

နေပြည်တော်။ ဇွန်လ ၉ ။         ။ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းကို အချက် ၈ ချက်ပါသော တိုင်ကြားစာဖြင့် တိုင်တန်းခဲ့မှုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ညှိစွန်းရန် ခိုင်လုံသော အထောက်အထားများ မရှိသည့်အတွက် အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ စစ်ဆေးတာဟာ တိုင်တန်းချက်ပေါ်မှာ အခြေခံစစ်ဆေးရပါတယ်။ တိုင်တန်းချက်က အရေး ကြီးတယ်။ တိကျခိုင်မာသေချာတဲ့ တိုင်တန်းချက် ဖြစ်စေချင်တယ်။ ကျွန်တော်တို့ကလည်း တိကျခိုင်မာ သေချာတဲ့တိုင်တန်းချက်ရှိလို့ကတော့ နည်းနည်းလေးမှ မျက်နှာလိုက်ခြင်း၊ အခွင့်ရေးပေးခြင်းရှိမှာ မဟုတ်ပါဘူး။ ဘယ်သူ အပေါ်မှာမှ ရှိမှာမဟုတ်ပါဘူး” ဟု ဦးအောင်ကြည်က ပြောကြားသည်။

ယနေ့ ဇူလိုင်လ (၉)ရက်နေ့က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားချက် ၈ ချက်အနက်  ၃ ချက်သည် လူမှုရေးကိစ္စများ ဖြစ်ပြီး အချက် ၂ ချက်သည် သေချာပေါက် အရေးယူနိုင်သော်လည်း တိုင်တန်းချက်မမှန်ကြောင်း၊ ကျန်ရှိ ၃ ချက်တွင်လည်း မမှန်တိုင်ကြားမှု ၂ ချက် ပါ၀င်ကြောင်းနှင့် နောက်ဆုံး တစ်ချက်တွင် ဂေါက်ရိုက်ပြိုင်ပွဲကို ဝန်ကြီးဌာနအမည်ခံကာ လုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်ပေးခဲ့သည်ဟူသောကိစ္စများ ပါ၀င်သည်ဟု အမှုတွင် စစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဦးစိုးဝင်းက ပြောဆိုသည်။

နောက်ဆုံး တစ်ချက်ဖြစ်သည့် “ဝန်ကြီးဌာနပေါင်းစုံ လျှပ်တပြက်ဂေါက်ရိုက်ပြိုင်ပွဲကို စီမံ/ဘဏ္ဍာဝန်ကြီးဌာန အမည်ခံပြီးတော့ လုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်ပေးခဲ့တယ်ဆိုသောကိစ္စ ” နှင့်ပတ်သက်ပြီး အဂတိလိုက်စားသည်ဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အကျံုးမဝင်ကြောင်း ဦးစိုးဝင်းက ပြောသည်။

“ အဲဒီလုပ်ငန်းရှင်က ဂေါက်ရိုက်ပြိုင်ပွဲကျင်းပတာကို ၀န်ကြီးဌာနအနေနဲ့ လက်ခံခဲ့ပါတယ်။ အဲ့ဒီလို လက်ခံခြင်း အားဖြင့် လုပ်ငန်းရှင်မှာ အခွင့်အရေးတစုံတရာ ပေးခဲ့တယ်၊ ရယူခဲ့တယ် ဆိုတာကို မပေါ်ပေါက်ပါဘူး။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အဂတိလိုက်စားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အကျံုးမဝင်တဲ့ အတွက်ကြောင့် ဒါခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ဆိုသည်။

အချက် (၈)ချက်တွင် (၃) ချက်သည် လူမှုရေးကိစ္စများဖြစ်နေသည့် အတွက်ကော်မရှင်အနေဖြင့် သက်ဆိုင်ခြင်း မရှိဘဲ၊ ကျန် (၅)ချက်တွင်မူ အချက် (၂)ခုသည် ကျူးလွန်မှု ရှိပါက သေချာပေါက် အရေးယူမှုရှိနိုင်သည့် အချက်များဖြစ်သော်လည်း စစ်ဆေးပေါ်ပေါက်ချက်များအရ မှန်ကန်သည့် တိုင်တန်းချက်များ မဟုတ်ကြောင်း အဆိုပါ အမှုတွင် စစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ်တာဝန်ယူထားသူ ဦးစိုးဝင်းကပြောသည်။

၎င်းအချက် ၂ ချက်သည် ဦးကျော်ဝင်းတာဝန်မယူခင်က ကိစ္စဖြစ်ပြီး ပုဂ္ဂလိကဘဏ်တစ်ခု၏ မတည်ရင်းနှီးငွေ သည် ငွေကြေးခဝါချမှု ရှိကြောင်း တိုင်ကြားချက်ဖြစ်ပြီး ဒုတိယအချက်မှာ မြန်မာ့လယ်ယာဘဏ်ကို လယ်/ဆည်ဝန်ကြီးဌာနအောက်မှ စီမံ/ဘဏ္ဍာဝန်ကြီး ဌာနလက်အောက်သို့ ဖွဲ့စည်းခဲ့သည့် ကိစ္စဖြစ်သည်။

ကျန် တိုင်ကြားခဲ့သည့် တိုင်ကြားချက် ၃ ချက်ထဲတွင် ၂ ချက်သည် မမှန်ကန်သည့် တိုင်ကြားချက်များ ဖြစ်ပြီး ဂေါက်ရိုက်ပြိုင်ပွဲသည်လည်း ခိုင်လုံမှုမရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။

အဆိုပါ စစ်ဆေးရေးလုပ်ငန်းများကို ၂၀၁၈ခုနှစ်၊ မေလ (၇) ရက်မှ (၂၂)ရက်နေ့အထိ စစ်ဆေးခဲ့၍ စစ်ဆေးရာ မှာတော့ တိုင်ကြားသည့် သတင်းပေးပို့သူ အပါအဝင်၊ တိုင်ကြားခံရသူ၊ သက်သေများ စုစုပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့ပြီး အဆင့်မြင့် အရာရှိကြီးများ၊ ၀န်ထမ်းများ နှင့် လုပ်ငန်းရှင်ကြီးများ ပါ၀င်ခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို မေလ ၃ ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခံရပြီးနောက်  ဦးကျော်ဝင်းနှုတ်ထွက်သွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required