ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ချိန်၌ ကောက်စိုက်သမားများကို အပြိုင်အဆိုင် ခေါ်ယူလျှက်ရှိ

ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ချိန်၌ ကောက်စိုက်သမားများကို အပြိုင်အဆိုင် ခေါ်ယူလျှက်ရှိ

ပေါင် ၊ ဇွန် ၊ ၈ ။             ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာတိုင်းတွင် မိုးစပါးစိုက်ပျိုးချိန်တွင် မျိုးပင်များ ရင့်သန်လာပြီ ဖြစ်သောကြောင့် အချိန်မီ နုတ်ယူပြီး   ကောက်စိုက်နိုင်ရန်အတွက်   ကောက်စိုက်သမားများကို အပြိုင်အဆိုင် ခေါ်ယူလျှက်ရှိကြောင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“ ခုချိန်ကတော့ အပြိုင်အဆိုင်ပဲ ကောက်စိုက်သမားတွေကို ခေါ်ယူနေကြတာ။အများဆုံးက ပဲခူးတိုင်းက လူတွေ များတယ်။အဲဘက်က လူတွေက ဒီဘက်ကိုပဲ အများဆုံး အလုပ် လုပ်လာလုပ်ကြတယ်။ သူတို့ ပြောတာတော့ ဒီမှာက လုပ်အားခ ပိုရတယ်တဲ့။ ကျွန်မတို့အတွက်ကျတော့ အခြားနယ်ကဆိုရင် လုပ်အားခပေးရတာ နည်းတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်နယ်ကလူတွေဆို ရေမြေအကြောင်းသိတော့ အလုပ်လုပ်တာ မြန်ပြီး စနစ်ကျလို့ စျေးပိုများတာပါ။တစ်ချို့လယ်ပိုင်ရှင်တွေဆိုရင် ဒီအချိန်မှာ ကောက်စိုက်ဖို့အတွက် အလုပ်သမားခေါ်ရခက်မှာ စိုးလို့ ငွေကို ကြိုထုတ်ပေးတာမျိုးလည်း ရှိတာပေါ့။ အဲဒါကလည်း တစ်ချို့ဆိုရင် ငွေကြိုထုတ်ပြီး ကောက်စိုက်တဲ့ အခါကျမှ ထွက်ပြေးသွားတာမျိုးလည်း ကြုံခဲ့ရပါတယ်” ဟု အဟောက်ကွင်းဘက်မှ လယ်ပိုင်ရှင် ဒေါ်ချိုချို က ပြောသည်။

မြို့နယ်အတွင်းရှိ တောင်သူများသည် မိုးစပါးများကို မိမိတို့၏ တစ်နွေစာအဖြစ် စားသုံးရန်နှင့် စီးပွားအဖြစ် ရောင်းချရန် မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်သော လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြကြောင်း သိရသည်။

အဆိုပါကောက်စိုက်သမားများသည် တစ်နေ့လျှင် လယ်ပိုင်ရှင်ထမင်း၂ နပ်စား ငွေကျပ် ၅၅၀၀ ရရှိပြီး မျိုးပင်နှုတ်သူများမှာ အပင်တစ်ရာလျှင် ၂၅၀၀ ကျပ်ရရှိကြောင်း၊ နေ့စားကိုယ့်ထမင်းစား ကောက်စိုက်ခ တစ်ရက်လျှင် ရ၀၀၀ ကျပ်နှင့် မျိုးပင်နှုတ်သူများမှာ အပင်တစ်ရာလျှင် ၃၅၀၀ ကျပ်ခန့်ရရှိပြီး နံနက် ၅ နာရီ ၀န်းကျင်မှ ညနေ ၆ နာရီဝန်းကျင်အထိ အလုပ်လုပ်ရကြောင်း ကောက်စိုက်သမားများထံမှ သိရသည်။

မျိုးပင်နှုတ်သူများသည် တစ်နေ့လျှင် အများဆုံး အပင် ၅၀၀ အထိ နှုတ်ယူနိုင်ပြီး ကောက်စိုက်သမား အယောက် ၂၀ ကို တစ်ရက်လျှင် လယ် ၃ ဧက အထိ ကောက်စိုက်နိုင်ကြောင်း သိရသည်။

ပေါင်မြို့နယ်သည် မိုးစပါးစိုက်ဧက ၁၂၈၈၈၄  ဧကဖြင့် မွန်ပြည်နယ်တစ်နယ်လုံးတွင် မိုးစပါးစိုက်ဧက အများဆုံးဖြစ်သည်။

“ဒီနှစ်က မိုးကျတာနဲ့ ရေအပြည့်အဝရတော့၊ နောက်နေ့မနက်ကျတော့ ထည်ထိုးမျိုးခင်းတွေကို မျိုးစေ့ ကျဲတာပဲ။ ဒီနယ်ဘက်မှာကတော့ ပေါ်ဆန်းမွှေး၊ ကမာကျီ၊ ရွှေဝါထွန်းတို့ကို အဓိက မျိုးကျဲထားတယ်။အရင်နှစ် ကစာရင် ဒီနှစ်မျိုးပင်တွေ ပိုးကျတာ သိပ်မရှိဘူး။ရာသီဥတုကောင်းရင်တော့ ဒီနှစ် စပါး အထွက်ကောင်း လိမ့်မယ်”  ဟု လယ်ပိုင်ရှင် ဒေါ်ချိုချိုက ပြောသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း မေလအစပိုင်းတွင် အဆင့်မြင့်လယ်ယာဘက်စုံနည်းပညာ စံပြကွက်စိုက် တောင်သူဦးကြီးများအား အရေအသွေးကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အတွက် ပေါ်ဆန်းရင်မျိုးသန့်စပါးများကိုလည်း ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly