၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသည့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်ကို အာမခံဖြင့် လွှတ်ပေး

၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသည့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်ကို အာမခံဖြင့် လွှတ်ပေး
သတင်းဓာတ်ပုံ-မေလ ၇ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် တွေ့ရသည့် ဦးသန်းမောင်ဦး (ဓာတ်ပုံ-RiA)

စစ်တွေ၊ ဇွန်လ ၈ ရက်။         ။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသည့် ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို အာမခံ ငွေကျပ်သိန်း (၁၀၀) ဖြင့် စစ်တွေမြို့မ ရဲစခန်းမှ လွှတ်ပေးလိုက်သည်။

“အာမခံတဲ့သူကို ဥပဒေအကြောင်းအရ ခံဝန်လုပ်တယ်။ ခံဝန်သူနှစ်ဦးနဲ့။ သိန်းတစ်ရာဆိုတာ ငွေတင်ပြီး လုပ်တာ မဟုတ်ဘူး။ အာမခံမက ငါးဆယ်တန်ခံဝန်သူ နှစ်ဦးပေါ့။ တကယ်လို့ ခံဝန်တာ ဖောက်ဖျက်လို့ရှိရင် စွပ်စွဲခံရသူက တရားရုံးကို မလာတော့ဘူးဆိုရင် ခံဝန်သူတန်ဖိုးကို တရားသူကြီးရဲ့ အမိန့်အရ သတ်မှတ်တာလေ။”ဟု စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ အာမခံပေး ရဲအုပ်က RiA သို့ ပြောသည်။

အမှုဖွင့်ခံထားရသည့် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်အား ရခိုင်အမျိုးသားပါတီဝင် ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)နှင့် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့က တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ စီဖြင့် ခံဝန်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ၎င်း၏ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် လက်ရှိ ရခိုင်ပြည်နယ်၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည်တို့ နိမ့်ကျနေသည့် အကြောင်းအရာတို့ အပါဝင် ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေး ယန္တရားပိုင်း ဖြစ်ပျက်နေခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့သည်။

ထို့ကြောင့် ၎င်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားချက်အရ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယ ညွန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုလုပ်ပြုလုပ်ကာ စစ်တွေမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇွန်လ ၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဦးသန်းမောင်ဦးကို ဖမ်းဆီးစစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်လွှတ်တော် သို့ ခွင့်ပြုချက်တောင်းရာ ဇွန် ၈ ရက် နောက်ပိုင်းမှသာ ဖမ်းဆီးခွင့်ပြုနိုင်မည်ဟု ပြည်နယ်လွှတ်တော်က ပြောဆိုခဲ့သလို ဦးသန်းမောင်ဦးကလည်း ၎င်းကိုယ်တိုင် လာရောက်အဖမ်းခံမည်ဟု ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်အရ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် အမှုဖွင့်ခံရသည့် ဦးသန်းမောင်ဦးနှင့်အတူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တော်ကိုယ်စားလှယ်အချို့က စစ်တွေမြို့မ ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ရာ ထိုသို့ အာမခံပေးလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required