ရန်ကုန်သမိုင်းလမ်းဆုံအနီး ပျောက်ဆုံးနေသူ မိန်းကလေး ၄ ဦးအနက် ၂ ဦး မုံရွာတွင် ပြန်တွေ့

ရန်ကုန်သမိုင်းလမ်းဆုံအနီး ပျောက်ဆုံးနေသူ မိန်းကလေး ၄ ဦးအနက် ၂ ဦး မုံရွာတွင် ပြန်တွေ့

ရန်ကုန်၊ ဇွန်လ ၈ ။                       ။ ရန်ကုန်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်စပ်ကြားရှိ သမိုင်းလမ်းဆုံအနီးတစ်ဝိုက်တွင် ပျောက်ဆုံးနေသူ မိန်း ကလေး ၄ ဦးအနက် မိန်းကလေး ၂ ဦးအား ပြန်လည်တွေ့ရှိပြီးဖြစ်ကြောင်း မိသားစုများထံမှသိရသည်။

ပြန်တွေ့ရှိသည့် မိန်းကလေးနှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် မနေနေကျော်(ခ) မနှင်းဝတ်ရည်ကျော်နှင့် မမေနဒီအောင်(ခ) မမိုးမိုးတို့ ဖြစ်သည်။

အဆိုပါ မိန်းကလေး ၂ ဦးအား မုံရွာမြို့တွင် ဇွန်လ ရ ရက်နေ့၊ ည ၉ နာရီခွဲခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်လာပြီဖြစ်ကြောင်း မိသားစုဝင်များက မဇ္စျိမသို့ ပြောသည်။

“ မနေ့က မုံရွာဘက်မှ သတင်းကြားလို့ဆိုပြီးတော့ မုံရွာဘက်ကို လိုက်ပြီး သွားခေါ်လာတာအခု။ နှစ်ယောက် စလုံးက အိမ်ကို စိတ်ဆိုးလို့ပေါ့ ပြန်မလာရဲဘူးပေါ့။ အိမ်နဲ့ အခန့်မသင့်ဖြစ်တယ်ထင်ပါတယ်။ ညီမက အဝေး မှာဆိုတော့ မသိဘူးလေ။ ညကျမှ သိတာ။ သူတို့က ခြေဦးတည့်ရာလျှောက်သွားနေတာပေါ့လေ။ မနေ့ကမှ အဲ့ဒီမုံရွာဘက်က အဒေါ်ကြီးတစ်ယောက်က ဖုန်းဆက်ပေးတာပေါ့နော်။ ဒီလိုဒီလိုပဲ တွေ့လိုက်တယ် ဆိုပြီး တော့မှ ရဲတွေကို အကြောင်းအကြားဖုန်းဆက်ပြီးတော့ သူတို့ကို သွားခေါ်လိုက်တာပါ။ ကလေးတွေက ကျန်းကျန်းမာမာပဲ။ လူကြီးနဲ့ စိတ်ဆိုးလို့ အိမ်ကိုပြန်မလာတာပဲရှိတယ်။ ကျန်တာက ဘာမှမဟုတ်ဘူး။ ညီမတို့က စိတ်ပူတာပေါ့နော်။ သမိုင်းလမ်းဆုံမှာပဲ မိန်းကလေးတွေ စုပြံုပြီးပျောက်တာဆိုတော့ ပိုပြီးစိုးရိမ်နေ တာပေါ့”ဟု မမေနဒီအောင်၏ အစ်မဖြစ်သူ မစုဇင်အောင်က မဇ္စျိမသို့ ပြောသည်။

မမေနဒီအောင်နှင့်အတူ သမိုင်းလမ်းဆုံအနီးတဝိုက်တွင် ပျောက်ဆုံးသွားခဲ့သော မနေနေကျော်၏ မိခင်ဖြစ်သူ ကလည်း ဇွန်လ ရ ရက်နေ့၊ ညပိုင်းက မမေနဒီအောင် မိသားစုနှင့် ဖုန်းဆက်သွယ်ရာမှတဆင့် သိရှိရသဖြင့် ယနေ့ ဇွန်လ ၈ ရက်နေ့တွင် မနေနေကျော်ကို ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်လာပြီဖြစ်ကြောင်း ပြောသည်။

“ မနေ့က အစ်ကိုပဲ မုံရွာမှာ သတင်းရတယ်လို့ပြောတယ်လေ။ ည ၉ နာရီကျတော့ သူတို့ (မမေနဒီအောင် မိသားစု)ဘက်က ဖုန်းဆက်တာနဲ့ ကျွန်မတို့အားချင်းလိုက်သွားတယ်။ သူတို့က သမီးကို မန္တလေးထိ ခေါ်လာပေးတယ်။ အခု ကျွန်မသမီးခေါ်ပြီး ကျွန်မ ရန်ကုန် ပြန်လာခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ အမှုတွေဖွင့် ထားတာတွေ လိုက်ပိတ်ရဦးမယ်လေ။ ကျွန်မကတော့ လူရောင်းစားတွေ ဘာတွေ ပါသွားမလားလို့ စိတ်ပူနေရတာ။ အခုမှပဲ ကိုယ်မှလည်း လေလုံးကြီးချနိုင်တော့တယ်”ဟု ပျောက်ဆုံးမှုမှာ ပြန်တွေ့ခဲ့သော မနေနေကျော်၏ မိခင် ဒေါ်မိုးမိုးနွယ်က မဇ္စျိမသို့ ပြောသည်။

ကျန်ရှိသည့် အသက် ၁၆ နှစ် ၃ လအရွယ် မအိသင်္ဂီကျော်နှင့် အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်တို့မှာ ယနေ့ ဇွန်လ ၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲကျော်အထိ လုံးဝအဆက်အသွယ် တစ်စုံတစ်ရာမရရှိသေးကြောင်း သက်ဆိုင်သူမိသားစုထံမှ သိရသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်မှာ ဥပဒေဖြင့် တက္ကသိုလ်တတိယနှစ် တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် သံလမ်းမှ သမိုင်းလမ်း ဆုံဘက်သို့ အလုပ်မှပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လက်ရှိချိန်ထိတော့ ဘာသတင်းအစမှ မရသေးဘူး။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်စုံစမ်းနေပါ တယ်။ ဒါပေမယ့် ထူးခြားမှုဘာမှ မရှိသေးဘူး။ သူက ရည်းစားဘာညာလည်း ရှိတာမဟုတ်ဘူး။ သမီးအငယ်ဆုံး ဆိုတော့ ကျွန်တော်တို့က ဝိုင်းချစ်နေရတာ။ လိမ္မာမှုလည်းရှိတယ်။ ပျောက်တဲ့နေ့ကလည်း ပုံမှန်အတိုင်း ထွက်သွားတာ ထူးခြားမှု မရှိဘူး။ ပျောက်တဲ့ညက သူ့အစ်ကို ကိုတောင် ဘာဝယ်လာရမလဲ ဖုန်းဆက် မေးသေး တယ်။ ဘုရားလမ်းအကျော် သမိုင်းလမ်းဆုံလောက်ရောက်ခါနီးတော့ ကျွန်တော်တို့ထပ်ဆက်တော့ လုံးဝလိုင်း အဆက်အသွယ်ပျက်သွားတာ။ ဒီနေ့ထိပဲ”ဟု မပန်းအိအိခင်၏ ဖခင်ဖြစ်သူ ဦးထွန်းလင်းသိန်းက ဇွန်လ ၈ ရက်တွင် မဇ္စျိမသို့ ပြောသည်။

အသက် ၁၆ နှစ် ၃ လအရွယ် မအိသင်္ဂီကျော်မှာလည်း ဇွန်လ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က ဘုရားလမ်း၊ စိန်ဂေဟာရှေ့တွင် Gym သွားကစားမည်ဆိုကာ စာတစ်စောင်ရေးထားခဲ့ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly