ဘရာဇီးတွင် မွေးကင်းစကလေးကို မိသားစုက အရှင်လတ်လတ် မြေမြုပ်မှုဖြစ်ရာ ခုနစ်နာရီကြာမှ အသက်ရှင်လျက် ကယ်လိုက်နိုင်

ဘရာဇီးတွင် မွေးကင်းစကလေးကို မိသားစုက အရှင်လတ်လတ် မြေမြုပ်မှုဖြစ်ရာ ခုနစ်နာရီကြာမှ အသက်ရှင်လျက် ကယ်လိုက်နိုင်

 

ဆောပေါလို၊ ဇွန် ၈ ။       ။ ဘရာဇီးနိုင်ငံတွင် မွေးကင်းစကလေးငယ်ကို မိသားစုက အရှင်လတ်လတ် မြေမြုပ်ရာ ခုနစ်နာရီကြာပြီးမှ အသက်ရှင်လျက် ပြန်လည်ကယ်တင်လိုက်ကြောင်း ရှေ့နေများက ဇွန် ရ ရက်၌ ပြောသည်။

ဘရာဇီးတိုင်းရင်းမျိုးနွယ်စုများ အများစု နေထိုင်ရာ မာတိုဂရို့ဆို ပြည်နယ်ရှိ ဆင်ဂူအမျိုးသားပန်းခြံတွင် ဇွန် ၅ ရက်က မွေးကင်းစမိန်းကလေးကို မွေးပြီးချင်းမှာပင် မိသားစုက မြေမြုပ်လိုက်ကြောင်းကို သူနာပြုတစ်ဦးက သိရှိပြီး အာဏာပိုင်များအား အသိပေးခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့ညပိုင်းတွင် မြေပွရာနေရာအား တာဝန်ရှိသူများက တူးဖော်ကာ ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးမလေးကို မြေတွင်းထဲမှ ပြန်လည်ထုတ်ယူခဲ့ပုံ ဗီဒီယိုအား ရဲက ထုတ်ပြန်ခဲ့သည်။

ကလေးလေး၏ ကာမာယုရာတိုင်းရင်းမျိုးနွယ်စုဝင်ဖြစ်သူ ဘွားအေအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရရှေ့နေ ပေါလိုရောဘတ်တိုက ပြောသည်။

“မွေးကင်းစကလေးကို သတ်ဖြတ်တာလား၊ ဒါမှမဟုတ် သေပြီအထင်နဲ့ မြေမြုပ်တာလားဆိုတာ ကျွန်တောတို့ စစ်ဆေးနေပါတယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

မြေအောက်တွင် ခုနစ်နာရီကြာ အမြုပ်နှံရသော်လည်း ကလေးလေး အခြေအနေ ကောင်းမွန်သည်ဟု သတင်းရကြောင်းလည်း ၎င်းက ပြောသည်။

ကလေးမလေးကို ပြည်နယ်၏ မြို့တေတာ် စူလီယာဘာသို့ ဇွန် ၆ ရက်က ခေါ်ယူသွားပြီး မွေးကင်းစကလေး စောင့်ရှောက်ရေးယူနစ်တွင် တင်ထားကြောင်း သိရသည်။

ကာနာရာနာမြို့အနီး ရပ်ကွက်စုတွင် နေထိုင်သည့် ထိုကလေးမလေး၏ မိသားစုကို ထောက်လှမ်းရေးက မေးမြန်းစစ်ဆေးလျက်ရှိသည်။

၎င်းတို့ မိသားစုက နေအိမ်အိပ်ခန်းတွင် မီးဖွားစဉ်က မိခင်ဖြစ်သူ၏ ၀မ်းမှ ကျွတ်ချိန် ကလေးမှာ ကြမ်းပြင်သို့ ဦးခေါင်းနှင့် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသော်လည်း အာဏာပိုင်များက ဖုံးကွယ်ရန် ကြိုးစားမှုတစ်ရပ်အဖြစ် သံသယရှိနေသည်။

“ဖခင်ဖြစ်သူဟာလည်း ကလေးကို အသိအမှတ် မပြုဘူး။ မိခင်ကလေး ၁၅ နှစ်ပဲ ရှိသေးတယ်။ ဒီမွေးစကလေးကို သူတို့့က သတ်ဖြတ်ဖို့ လုပ်တာပဲလို့ သံသယရှိစရာတွေ ရှိတတယ်။”ဟု ပြည်နယ်ရဲဌာနက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required