ကင်မ်နှင့် သူ၏သမိုင်းဝင်တွေ့ဆုံပွဲသည် ဓာတ်ပုံရိုက်ခံယုံ ပေါ်ပင်သက်သက်မဟုတ်ဟု ထရမ့်ပြောဆို

ကင်မ်နှင့် သူ၏သမိုင်းဝင်တွေ့ဆုံပွဲသည် ဓာတ်ပုံရိုက်ခံယုံ ပေါ်ပင်သက်သက်မဟုတ်ဟု ထရမ့်ပြောဆို

 

၀ါရှင်တန်၊ ဇွန် ၈ ။          ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လာမည့်ဇွန်လ ၁၂ ရက်နေ့တွင်ကျင်းပမည့် သူနှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျံုအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲသည် ဓာတ်ပုံအရိုက်ခံယုံ ပေါ်ပင်သက်သက် မဟုတ်ပဲ ထိုထက်ပိုမိုလေးနက်ကြောင်း ကြာသာပတေးနေ့တွင် ပြောဆိုခဲ့သည်။

ဒါ့အပြင် ထရမ့်က “ကျုပ်ကတော့ ဆွေးနွေးပွဲတစ်ခုတည်းနဲ့ သဘောတူညီချက်ရရှိမှာမဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ၀ါရှင်တန်၌တွေ့ဆုံပြီး စင်္ကာပူ၌ကျင်းပမည့် သမိုင်းဝင်တွေ့ဆုံပွဲနှင့် ပက်သက်၍ ဆွေးနွေးစဉ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

စင်္ကာပူ၌ ကင်မ်နှင့်အတူ ရက်မည်မျှကြာအောင် တွေ့ဆုံဆွေးနွေးကြမလဲဟု မေးမြန်းခဲ့စဉ်တွင် ထရမ့်က “ တစ်ရက်။ နှစ်ရက်။ ဒါမှမဟုတ် သုံးရက်ပေါ့။ ဘာတွေဖြစ်လာမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ထရမ့်က ကင်မ်အနေဖြင့် အမေရိကန်ဘက်မှတောင်းဆိုထားသည့် နျူကလီးယားဖျက်သိမ်းရေး အပေါ် အလေးအနက်ထားမထားကို သူ့ဘက်မှ လျှင်မြန်စွာ အဆုံးအဖြတ်ပေးနိုင်မည်ဟုလည်း ပြောဆိုခဲ့သည်။

ထရမ့်က “ သူတို့အနေနဲ့ နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းရမှာပါ။ သူတို့မလုပ်ဘူးဆိုရင်တော့ ဒါဟာ လက်မခံနိုင်စရာ ကိစ္စပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကျုပ်တို့ဘက်ကလည်း အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက် ပေးမှာမဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ထရမ့်သည် လွန်ခဲ့သောနှစ်ပတ်ခန့်က ယခုတွေ့ဆုံပွဲကို ဖျက်သိမ်းသည်ဟု ကြေညာခဲ့သော်လည်း နောက်ပိုင်း တွင် တွေ့ဆုံဖို့ ပြန်လည်ပြင်ဆင်ကြေညာခဲ့သလို အိမ်ဖြူတော်အစိုးရဘက်မှ ပြံုယမ်းအစိုးရအနေဖြင့် တွေ့ဆုံ ဆွေးနွေးပွဲပြီးနောက်တွင် ၄င်းတို့၏ နျူကလီးယား စမ်းသပ်မှုအစီအစဉ်များကို စွန့်လွှတ်သွားမည်ဟု အကောင်း မြင်စွာ ယုံကြည်လျက်ရှိသည်။

ကင်မ်အနေနှင့်လည်း သူ၏နျူကလီးယားလက်နက်များကို စွန့်လွှတ်သွားဖို့ဆန္ဒရှိကြောင်း လွန်ခဲ့သော ဧပြီလ ၂၇ ရက်နေ့က ကျင်းပခဲ့သော မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့၏ ထိပ်သီးစည်းဝေးပွဲ၌ ပြောဆိုခဲ့ဖူး သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required