အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်များ ရုတ်တရက် ပယ်ဖျက်

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်များ ရုတ်တရက် ပယ်ဖျက်

နေပြည်တော်၊ ဇွန်လ ရ ရက် ။             ။ ဇွန်လ ၈  ရက် (သောကြာနေ့)တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးများကို ယနေ့ ဇွန်လ ရ ရက်နေ့ ညနေပိုင်းက ရုတ်တရက် ပယ်ဖျက်လိုက်သည်။

ယခုကဲ့သို့ အစည်းအဝေးကို ရုတ်တရက် ရပ်နားလိုက်ရသည့် အကြောင်းအရင်းကိုမသိရှိကြောင်း ပြည်သူ့ လွှတ်တော်မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က မဇ္ဈိမသို့ ပြောသည်။

“မဟုတ်ဘူးဗျ၊ ဘာအကြောင်းအရာမှ ကျွန်တော်တို့ မသိရဘူး။ နားတာပဲ သိတယ်။ အကြောင်းအရာ မသိရဘူး။ နားတော့ နားတာပဲ” ဟု ဦးကိုကိုနိုင်က ဆိုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး၏ ၁၃ ရက်မြောက်နေ့ (၈.၆.၂၀၁၈) (သောကြာနေ့) လျာထားချက်တွင် ရခိုင်ကိစ္စအရေးကြီးအဆိုအား ဆွေးနွေးရန် အပါအဝင် အစီအစဉ် (၉)ရပ်ဖြင့် ကျင်းပရန် စီစဉ်ထားပြီး ယနေ့ ညနေတွင် ယခုကဲ့သို့ ရုတ်တရက် ရပ်နားရန် ကြေညာလိုက်ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်၅ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က “ အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး။ အခုပဲ စာလာပေးသွားတယ်။ တစ်ခုခု သူတို့ ရှိလို့ဖြစ်ပါလိမ့်မယ်။ ကျန်တာ သိပ်အရေးတကြီးတော့ ဖြစ်မယ် မထင်ပါဘူး။ တွေ့ဆုံပွဲ ဧည့်သည်တွေ့တာတို့၊ ဘာတို့ တိုက်ဆိုင်နေလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ရုတ်တရက် ရပ်နားမှုမျိုး ယခင်ကလည်း ရှိခဲ့ဖူးကြောင်း ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးက မဇ္စျိမသို့ ပြောသည်။

“လူကြီးတွေ အရေးတကြီး တွေ့ဆုံစရာလေးဘာလေး ရှိရင်လည်း ဒါမျိုးဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ Agenda ထွက်ပြီးသားပါ။ ဒါဆွေးနွေးဖို့ရာ ။ အရေးကြီးအဆိုက ဆွေးနွေးဖို့ရာ Agenda ထွက်ပြီးသားပါ။ အဲ့ဒီအတွက်က ဘာမှ သီးသန့်မရှိပါဘူး။ အဲ့ဒါအတွက်ကြောင့် ရွှေ့တာတော့မဟုတ်ပါဘူး” ဟု ၄င်းက ပြောသည်။

ထိုသို့ ပယ်ဖျက်လိုက်ကြောင်း ပြည်သူ့လွှတ်တော်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဇွန်လ ရ ရက် ညနေပိုင်းက ဖော်ပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required