ရန်ကုန်သမိုင်းလမ်းဆုံအနီး ပျောက်ဆုံးနေသူ မိန်းကလေး ၄ ဦးအထိ ရှိ

ရန်ကုန်သမိုင်းလမ်းဆုံအနီး ပျောက်ဆုံးနေသူ မိန်းကလေး ၄ ဦးအထိ ရှိ
ဓာတ်ပုံ-ဖေ့ဘုတ်
 

ရန်ကုန်၊ ဇွန်လ ရ ။           ။ ရန်ကုန်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် စပ်ကြားရှိ သမိုင်းလမ်းဆုံအနီးတစ်ဝိုက်တွင် ပျောက်ဆုံးနေသူ မိန်းကလေး ၄ ဦးအထိ ရှိနေကြောင်း ပျောက်ဆုံးသူ မိသားစုများထံမှ သိရသည်။

ပျောက်ဆုံးနေသူမိန်းကလေးများမှာ အသက် ၁၆ နှစ် ၃ လအရွယ် မအိသင်္ဂ ီကျော်၊ အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်၊ အသက် ၁၇ နှစ်အရွယ် မနေနေကျော်(ခ) မနှင်းဝတ်ရည်ကျော်နှင့် မမေနဒီအောင်(ခ) မမိုးမိုးတို့ ဖြစ်ကြောင်း သိရသည်။

ဥပဒေဖြင့် တက္ကသိုလ် တတိယနှစ်တက်ရောက်နေသည့် အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်မှာ မေလ ၃၁ ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် သံလမ်းမှ သမိုင်းလမ်းဆုံဘက်သို့ အလုပ်မှပြန်လာစဉ် ပျောက်ဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အလုပ်ပြန်လာတဲ့အချိန် သမိုင်းလမ်းဆုံနားလောက်မှာ ဖုန်းလိုင်းပါပျောက်သွားတာပေါ့။ အဲ့ကတည်းကစပြီး ဒီနေ့ချိန်ထိ အဆက်အသွယ်မရတော့ဘူး။ ကျွန်တော်တို့လည်း မျိုးစုံရှာနေတာ။ ရဲစခန်း၊ လူကုန်ကူး၊ နေပြည် တော်ထိ အကြောင်းကြား တိုင်ကြားထားတယ်။ ရဲတွေကတော့ လင်နောက်လိုက်ပြေးတယ်လို့ ပြောတယ်။ လင်နောက်လိုက်တယ်ဆိုရင်လည်း ဒီအချိန်တော့ ဆက်သွယ်ရမှာပေါ့။ ဒါပေမယ့် ဆက်မှမသွယ်တာ။ ကျွန်တော် သမီးလေးကို ပြန်တွေ့ဖို့ ကူညီပေးကြပါဗျာ” ဟု မရမ်းကုန်းမြို့နယ်၊ သမိုင်း၊ ၁ ရပ်ကွက်တွင် နေထိုင်သူ၊ မပန်းအိအိခင်၏ ဖခင်ဖြစ်သူ ဦးထွန်းလင်းသိန်းက မဇ္စျိမသို့ ပြောသည်။

ထို့ပြင် အသက် ၁၇ နှစ်အရွယ် မနေနေကျော်(ခ) မနှင်းဝတ်ရည်ကျော် နှင့် မမေနဒီအောင်(ခ) မမိုးမိုးတို့မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်သည့်နေ့ ဇွန်လ ၂ ရက်နေ့ ညပိုင်းက သမိုင်းလမ်းဆုံအနီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသူ မနေနေကျော်၏ မိခင်ဖြစ်သူပြောပြချက်အရ မနေနေကျော်မှာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ နယ်ဇာတိဖြစ်ပြီး မိန်းလေးငယ်၏ အလုပ်နှင့် ပညာရေးအတွက် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် မောင်ဖြစ်သူနေအိမ်တွင် ခေတ္တနေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

မိန်းကလေးငယ်ပျောက်ဆုံးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့ဖြစ်ပြီး မနေနေ ကျော်မှာ စာမေးပွဲကျကာ ၎င်းနှင့်အတူပျောက်ဆုံးခဲ့သော မမေနဒီအောင်မှာ ဆယ်တန်းအောင်မြင်ခဲ့ကြောင်း၊ မမေနဒီအောင်က ၎င်းသမီးဖြစ်သူအား စိတ်ပြေလက်ပျောက်ဖြစ်စေရန် လှည်းတန်းအနီး မုန့်သွားစားရန် ခေါ်ဆောင်သွားရာမှ ၂ ဦးစလုံး သမိုင်းလမ်းဆုံးအနီး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ ဆယ်တန်းကျလို့ ထွက်သွားတာမဟုတ်ပါဘူး။ ကျွန်မ အောင်စာရင်းထွက်တဲ့နေက အွန်လိုင်းပေါ်မှာ အောင် စာရင်းကြည့်နေတာ သမီးက မေကြီးကြည့်မနေနဲ့တဲ့။ သမီး အင်္ဂလိပ်မှာ မဖြေနိုင်ဘူးတဲ့။ သူကျမှာပဲတဲ့။ သူက သူ့ရဲ့ အခြေအနေသိလို့ ပဲခူးတိုင်းကနေ သူ့ဦးလေးရှိတဲ့ဆီမှာလာနေတာ။ နဝဒေးမှာလည်း တရုတ်စကားပြော သင်တန်း တက်နေတာ။ မေနဒီအောင်တို့က အရင်က ညောင်လေးပင်မှာနေတယ်။ ပြီးမှ ရန်ကုန်ပြောင်းသွား တာ။ အောင်စာရင်းမထွက်ခင်ညက မေနဒီအောင်နဲ့ အွန်လိုင်းကနေ ဆက်သွယ်ဖြစ်ပြီး ၂ ရက်နေ့မှာ မုန့်သွားစားကြတာပေါ့။ နောက်ကျလို့ ညနေ ၄ နာရီခွဲလောက်ဖုန်းဆက်တော့ သူတို့ ပြန်လာပြီတဲ့။ ဒီကြားထဲဆက်တိုက် ဆက်တယ်။ နောက်ထပ်ဆက်တော့ ကျွန်မသမီးဖုန်းကို မေနဒီအောင်က ကိုင်တယ်။ ကျွန်မ တော်တော်ဆူလိုက်တယ်။ သူ့အမေနဲ့ တိုင်မယ်လို့လည်းပြောလိုက်တယ်။ မတိုင်နဲ့ ပြန်လာပြီတဲ့။ နောက်ဆုံးသမိုင်းလမ်းဆုံရောက်နေပြီတဲ့။ ကျွန်မလည်း နင်တို့ပြန်မရောက်လို့ ငါလိုက်လာပြီလို့ ညာပြောလိုက်တယ်။ သမီးက အမေပြန်တော့ သမိုင်း လမ်းဆုံမှာကားပိတ်လို့ ကြာနေတာတဲ့။ ပြန်လာပြီတဲ့ အဲ့လိုပြောပြီးဖုန်းချသွားတယ်။ အဲ့ကတည်းက အခုထိ အဆက်မသွယ်မရတော့ဘူး ”ဟု ပျောက်ဆုံးနေသူ မနေနေကျော်၏မိခင် ဒေါ်မိုးမိုးနွယ်က မဇ္စျိမသို့ ပြောသည်။

ဇွန်လ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်ကလည်း အသက် ၁၆ နှစ် ၃ လအရွယ် မအိသင်္ဂီကျော်မှာလည်း ဘုရားလမ်း၊ စိန်ဂေဟာရှေ့တွင် Gym သွားကစားမည်ဆိုပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အဲ့ဒီနေ့လည်က ဆူလိုက်တာလေ။ ဆယ်တန်းကျတော့ ဆူလိုက်တာ။ အဲ့ဒါနဲ့ထွက်သွားတာလေ။ သူက Gym သွားဆော့နေကျဆိုတော့ သွားဆော့တာပဲထင်နေတာပေါ့။ ကျွန်မတို့နေတာက လှည်းကူးမှာလည်း နေတယ်။ သမိုင်းမှာလည်း နေတယ်။ သူက အဖိုးနဲ့အဖွားနဲ့ သွားနေပြီး ဘုရားလမ်းနားက စိန်ဂေဟာရှေ့မှာ Gym ကစားနေတာ။ သွားဆော့တော့ ကျွန်မတို့က ညနေကျတော့ ပြန်လာမယ်ပဲထင်နေတာ။ ပြန်မရောက်လာတော့ ဟိုသွားကြည့်တော့ မရှိဘူးတဲ့။ အဲ့ဒီမှာလည်း။ အဲ့ဒီနေ့က ပျောက်တာ ဒီနေ့ထိပဲ အဆက်အသွယ်လည်း လုံးဝမရဘူး ” ဟု ပျောက်ဆုံးသူ မအိသင်္ဂီကျော်၏ မိခင် ဒေါ်စန်းစန်းက ပြောသည်။

မအိသင်္ဂီကျော်မှာ နေ့စဉ် Gym သွားကစားသည့် ပုံစံအတိုင်း ကျောပိုးအိတ်အတွင်း အဝတ်အစား ၃ စုံခန့်၊ ရှုး ဖိနပ် ၂ ရံထည့်ယူသွားခဲ့ခြင်းဖြစ်ပြီး အိမ်တွင် စာ ၁ စောင် ရေးထားခဲ့ကြောင်း၊ စာထဲတွင် “ အမေနဲ့ အဖေ စိတ်မပူနဲ့။ သမီး အမေတို့ ဆူမှာ ကြောက်လို့။ စိတ်မပူပါနဲ့ သမီးဘာမှာ မဖြစ်စေရပါဘူး။ အမေစိတ်ဆိုး ပြေတဲ့နေကျရင် သမီးပြန်လာမှာပါ”ဟု ရေးသားထားကြောင်း မိခင်ဖြစ်သူ ဒေါ်စန်းစန်းက ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသည့် မိန်းကလေးများနှင့် ပတ်သက်ပြီး လှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ ကိစ္စအား ယနေ့ မေလ ရ ရက်နေ့အထိ အကြောင်းကြားခြင်း၊ တိုင်ကြားထားခြင်းမရှိသေးကြောင်း ပြောသည်။

“ ကျွန်တော်တော့ မသိဘူးဗျ။ ကျွန်တော်ဆီတော့ တိုင်တာ၊ ကြားတာတွေမရှိသေးဘူး။ အဲ့ဒါဆိုရင် ကျွန်တော် တို့လည်း စုံစမ်းကြည့်ပါဦးမယ်”ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး တိုင်ကြားထားသည့် လှိုင်မြို့နယ်ရဲစခန်းသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းကြည့်ရာတွင် ရဲအရာရှိတစ်ဦးက မပန်းအိအိခင်ကိုလာရောက်တိုင်ကြားမှုအရ ဇွန်လ ၁ ရက်နေ့တွင် လူပျောက်အမှတ်စဉ် ၂၇/ ၂ဝ၁၈ ဖြင့် လက်ခံထားရှိကြောင်း သိရသည်။

“ လတ်တလောတော့ မတွေ့သေးဘူးဗျ။ တွေ့ရှိတယ်ဆိုရင်လည်း ၁၉၉ သို့မဟုတ် ဝ၁-၅၁၉၅၃၁ ကို ဆက် သွယ်အကြောင်းကြားပေးလို့ ရတယ်ဗျ။ ကျွန်တော်တို့ကတော့ တောက်လျှောက် ချိတ်ဆက်ပြီး စုံစမ်းပေးနေ ပါတယ်”ဟု လှိုင်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly