ရခိုင်လူမျိုးများ အဆိုးမြင်ဝါဒများကို ဖျောက်ကြရန် အလိုတော်ပြည့် ဆရာတော် တိုက်တွန်း

ရခိုင်လူမျိုးများ အဆိုးမြင်ဝါဒများကို ဖျောက်ကြရန် အလိုတော်ပြည့် ဆရာတော် တိုက်တွန်း

လက်ရှိ ရခိုင်လူမျိုးများမှာ အဆိုးမြင်ဝါဒ များနေပြီး မည်သည့်အကြောင်းအရာမဆို အကောင်း မြင်ဝါဒနှင့် မြင်ကြရန် အလိုတော်ပြည့် ဆရာတော်က တိုက်တွန်းလိုက်ကြောင်း သိရသည်။

မြောက်ဦး အလိုတော်ပြည့်ကျောင်း၌ သြဂုတ်လ ၃၁ ရက် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အစားအသောက်များ လှူဒါန်းပွဲတွင် ဆရာတော်က ယင်းကဲ့သို့ မိန့်ကြား လိုက်ခြင်း ဖြစ်သည်။

" ဦးဇင်းတို့ ရခိုင်သူရခိုင်သားတွေဟာ အဆိုးမြင်ဝါဒတွေ သိပ်များနေတယ်။ အဆိုးမြင်ဝါဒတွေ ကို ဖျောက်ကြ၊ အဆိုးမြင်ဝါဒဟာ မကောင်းဘူး။ ဝေဖန်တဲ့ဝါဒ၊ အပြစ်ပြောတဲ့ဝါဒ၊ ကဲ့ရဲ့တဲ့ဝါဒ၊ မနာလို တဲ့ဝါဒ၊ အဆိုးမြင်ဝါဒ ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်ဟာ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ကိုယ်လည်း မတိုးတက်ဘူး။ ရခိုင်ပြည်နယ်ဟာလည်း တိုးတက်မှာ မဟုတ်ဘူး။ အကောင်းမြင်ဝါဒဆို တာ အင်မတန်တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုးမြင်ဝါဒကို ဖျောက်ကြဖို့ ဘုန်းကြီးက တိုက်တွန်းလိုပါတယ်" ဟု မိန့်ကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများထံ ရေကြီးနေချိန် ကာလအတွင်းက အစိုးရစစ် တပ်မှ စစ်ရဟတ်ယဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်များပေးပို့ရာတွင် ရဟတ်ယဉ် ရပ်တန့်မရ သည့် ကျေးရွာအချို့တွင် ဝေဟင်၌ ရပ်ပြီး ရွှံ့နှုန်းမြေများ ဖုံးလွှမ်းနေသည့် လယ်ကွင်းသို့ ပစ္စည်းများကို ချပေးခဲ့ရာတွင် ဆန်အိတ်များ ပေါက်ပြဲသွားခြင်းကို ရခိုင်တိုင်းရင်းသား အချို့ကဝေဖန်ပြစ် တင်ခဲ့မှုအပေါ် ဆရာတော်က အကောင်းမြင်ဝါဒဖြင့် သွားကြဖို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ရေဘေးသင့် ရခိုင်ပြည်သူများကို သမ္မတ ဦးသိန်းစိန် အပါအဝင် အခြားတိုင်းရင်းသားများကပါ ပံ့ပိုးကူညီနေပြီး မြောက်ဦး-မင်းပြား ကားလမ်းမကြီးတွင် ရေကြီးသည့်အချိန်က မျောပါလာသော သစ်တုံးကြီး များ၊ရှုပ်ထွေးနေသော သစ်တိုသစ်စ သစ်ကိုင်းများကို လူသွားလာ၍ အမြန်ဆုံးရနိုင်ရန် စစ်တပ်သည်လည်း ကူညီခဲ့ကြောင်း အလိုတော်ပြည့် ဆရာတော်က မိန့်ကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်အုန်းလည်း ၎င်းတာဝန်ယူ ဆောင်ရွက်ခဲ့သည့် အချိန်က ကယ်ဆယ်ရေးပစ္စည်းများ သွားပေးသော စစ်ရဟတ်ယဉ်အချို့ အဆင်မပြေမှုများ ရှိခဲ့ခြင်းကိုတောင်း ပန်ကြောင်း၊ ဝေဟင်ထက်၌ ယဉ်မောင်းအပါအဝင် ရဟတ်ယာဉ်ပါ စစ်သားများမှာ အသက် ကို လုပြီး ပစ္စည်းများ ချပေးရသည့်အတွက် စေတနာအမှားသာ ဖြစ်လိမ့်မည် ဟုရေဘေးကယ်ဆယ်ရေး အလှူလက်ခံပွဲတိုင်းတွင် ပြောကြားခဲ့သည်။ အလားတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လည်း တောင်းပန်ကြောင်း တရားဝင် ပြောကြားခဲ့သည်။

မြောက်ဦးမြို့နယ်က ရေဘေးသင့် ပြည်သူများအတွက် အလိုတော်ပြည့် ဆရာတော်က ဆန်အိတ် ၅၀၀၊ အဝတ်ထုတ် ၁၁၇ ထုတ်၊ ရေသန့်အိတ် ၃၂ အိတ်၊ ဆီ ၁၇၇ ပုလင်း၊ ဆင်ချဆိပ်ရပ် ကွက်က ပြိုကျသွားသော အိမ် ၁၆ အိမ်အတွင်း တစ်အိမ်ကို ၃ သိန်းနှုန်း၊ မြောက်ဦးတစ်မြို့နယ်လုံး သေဆုံးသွားသော ၁၆ ဦးအတွက် တစ်ဦးကို ၂ သိန်းနှုန်းနှင့် အားလုံး သိန်း ၂၀၀ ခန့် လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly