အမျိုးသားစာပေ(ကဗျာ)ဆုကို တစ်ဆုတည်းသာ ပေးအပ်မည်ဟု ဆုရွေးချယ်ရေးအဖွဲ့ပြောဆို

အမျိုးသားစာပေ(ကဗျာ)ဆုကို တစ်ဆုတည်းသာ ပေးအပ်မည်ဟု ဆုရွေးချယ်ရေးအဖွဲ့ပြောဆို

ရန်ကုန် ၊ ဇွန် ရ ။             ။ အမျိုးသားစာပေဆု(ကဗျာ)ဆုကို ဂန္ထဝင်ကဗျာဆု နှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ နှစ်မျိုး ခွဲပေးမည်မဟုတ်ဘဲ အကောင်းဆုံး ရွေးချယ်ခံရသည့်ကဗျာကို ဆုတစ်ဆုတည်း ပေးအပ်မည်ဟု အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ပြောဆိုလိုက်သည်။

ယနေ့ ဇွန်လ ရ ရက်နေ့တွင် ရန်ကုန်မြို့သိမ်ဖြူလမ်းပေါ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ရုံး၌ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအတွင်းရေးမှူး၊ စာရေးဆရာ မောင်ဇေယျာက ဆိုသည်။

“အစဉ်အလာကဗျာနှင့်အတူ ခေတ်ပေါ်ကဗျာကို တန်းတူစဉ်းစားမယ်။ ဒီလိုစဉ်းစားပြီးတော့မှ ကဗျာဆု တစ်ဆုတည်းရဲ့ အောက်မှာ အစဉ်အလာ(ဂန္ထဝင်)ကဗျာရော  ခေတ်ပေါ်ကဗျာရော   နှစ်ခုလုံးထဲကမှ ကောင်းတဲ့ကဗျာစာအုပ်ကို တစ်အုပ်ပဲ ရွေးပါမယ်။ အဲ့ဒီတစ်အုပ်က ခေတ်ပေါ်ကဗျာဖြစ်ရင်လည်းဖြစ်မယ်။ အစဉ်အလာနဲ့ ရေးထားတဲ့ကဗျာ ဖြစ်ရင်လည်း ဖြစ်မယ်။ ကဗျာဆုကတော့ တစ်ဆုတည်းဖြစ်ပါတယ်” ဟု မောင်ဇေယျာက ဆိုသည်။

ကဗျာဆုရွေးချယ်ခြင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆုရွေးချယ်ရေး ကော်မတီအတွင်း၌ အခြေအတင်ဆွေးနွေးခဲ့ သော်လည်း ကိစ္စပြီးပြတ်ခြင်းမရှိခဲ့သောကြောင့် မဲခွဲဆုံးဖြတ်ခဲ့ရသည်ဟုလည်း ကော်မတီဘက်က ဆိုသည်။

ယခင်က အမျိုးသားစာပေဆု(ကဗျာ)ဆုကို ဂန္ထဝင်ကဗျာဆု နှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ နှစ်မျိုး ခွဲ ဆုပေးမည်ဟု မဲခွဲထားပြီး ယခု ထပ်မံမဲခွဲသောကြောင့် စာရေးဆရာမ မစန္ဒာက နှုတ်ထွက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းသို့ကဗျာဆုရွေးချယ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး သမိုင်းတရားခံမဖြစ်လိုသောကြောင့်ဟုဆိုကာ ဆုရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်အဖြစ်မှ စာရေးဆရာမ မစန္ဒာက နှုတ်ထွက်ခဲ့သည်။

“အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက မြန်မာ့အစဉ်အလာရိုးရာကဗျာ(ဂန္ထဝင်ကဗျာ)ကို မှေးမှိန် ပျောက်ကွယ်အောင် လုပ်ဆောင်သည်ဟု သမိုင်းတွင်တော့မည်ဖြစ်ပါသည်” ဟု စာရေးဆရာမ မစန္ဒာက သူ့၏ နုတ်ထွက်စာတွင် ရေးသားထားသည်။

ဆုရွေးချယ်ရေး ကော်မတီအနေဖြင့် မြန်မာရိုးရာဂန္တဝင်ကဗျာကို မှေးမှိန်ပျောက်ကွယ်အောင် လုပ်ဆောင်နေသည် ဆိုသည့် ပြောဆိုချက်များကို ငြင်းဆန်ခဲ့ပြီး  ကဗျာဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင်ဆယ်ဦးထဲတွင် ဂန္ထဝင်ကဗျာရေးနေသူများလည်း ပါဝင်နေသည်ဟု ကဗျာဆုရွေးချယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ကဗျာဆရာ မောင်လင်းရိပ်က ပြောသည်။

“အဖွဲ့ထဲမှာ တစ်ဝက်စီလောက်ပါတယ်။ အရင်တုန်းကဆို အစဉ်အလာကဗျာရေးတဲ့သူ ကျွမ်းကျင်တဲ့သူတွေတောင်ပိုပြီး များပါသေးတယ်။ အခု အကြမ်းဖျဉ်းပြောမယ်ဆိုရင် အဖွဲ့ထဲမှာ အစဉ်အလာကဗျာ တိမ်းညွတ်သူနဲ့ ခေတ်ပေါ်ကဗျာ တိမ်းညွတ်သူ တစ်ဝက်စီလောက် ပါပါတယ်” ဟု ကဗျာဆရာ မောင်လင်းရိပ်က ဆိုသည်။

စာရေးဆရာမ မစန္ဒာသို့ ယင်းကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required