စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက

စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

တစ်နေ့တာလှုပ်ရှားမှုတွေကို စိတ်လက်ကြည်ကြည်သာသာနဲ့လုပ်ချင်သူတွေအတွက် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေမယ့် အစားအသောက်လေးတွေနဲ့  မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်က အမြဲစိတ်ခံစားမှုကောင်းနေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုပြောပြမယ့် အစားအစာတွေကတော့ စိတ်ဖိစီးမှု နဲ့ စိတ်ပူပန်မှုကိုလျော့ကျစေနိုင်ပြီး  စိတ်ဓာတ်ကျမှုကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိ ပါတယ်။

ဘယ်အစားအစာတွေက စိတ်ခံစားမှုတွေကို ကောင်းမွန်စေနိုင်မှာလဲ

ရေ

ရေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက် တော်တေ်ာလေးကို အရေးပါတာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်အနည်းငယ်ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ အများကြီးထိခိုက်စေနိုင်ပါတယ်။ ရေဓာတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်း လျော့ကျလာနိုုင်ပါတယ်။ ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖို့အတွက် ရေလုံလောက်အောင် သောက်ပေးပါ။

ချောကလက်

ဒါကတော့ အရမ်းထူးဆန်းတာမဟုတ်ပါဘူး။  ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကို လူတိုင်းလိုလိုသိထားပြီးသားပါ။ သိပ္ပံနည်းကလေ့လာမှုတွေအရတော့ အနက်ရောင်ချောကလက်ကို နေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဖိစီးနေသလား ချောကလက်စားပါ။

ငါး

အဆီများတဲ့ငါးတွေ၊ ကမာကောင်လိုမျိုး ပင်လယ်စာတွေကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကနေ မထုတ်နိုင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့  စိတ်ခံစားမှုကို ပိုကောင်းစေနိုင်တဲ့ omega-3 fatty acid ကို ရရှိစေနိုင်တာကြောင့် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေကို စားသုံးတဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်သလို ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

အုန်းသီး

စိတ်ဖိစီးတဲ့အခါ အုန်းသီးနည်းနည်းလောက်စားပေးလိုက်ပါ။ အုန်းသီးက စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ သဘာဝဆေးတစ်မျိုးပါ။ အုန်းသီးရဲ့ ရနံ့ကနှလုံးခုန်နှုန်းကို နှေးစေပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး စိတ်ဓာတ်ကျနေတာကို ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် A၊ B6၊ C၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊phosphorous၊ သံဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် တို့ပါဝင်တာကြောင့် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါသတဲ့။ ငှက်ပျောသီးက ညဘက်ကိုလည်း ကောင်းစွာအိပ်ပျော်စေတာကြောင့် အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်ပူပန်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီး အရွယ်တော်တစ်လုံးစားသုံးပေးပါ။

ဟင်းနုနွယ်

ခန္ဓာကိုယ်မှာ ဗီတာမင် B လျော့နည်းလာတဲ့အခါ စိတ်ဓာတ်ကျတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် B ပြည့်ဝနေဖို့ကလည်း ဂရုစိုက်သင့်တဲ့အချက်တစ်ခုပါ။ ဒါကြောင့် ဗီတာမင် B ပြည့်ဝဖို့အတွက် ဟင်းနုနွယ်ရွက်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေကို စားသုံးပေးပါ။ ပန်းဂေါ်ဖီစိမ်း စားပေးရင်လည်းရပါတယ်။

ကညွတ်

ခန္ဓာကိုယ်ထဲမှာ folate ပမာဏက ၅၀ ရာခိုင်နှုန်းအောက်ကျသွားပြီဆိုရင်စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ခြေက တော်တေ်ာလေးများသွားပါပြီ။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကျမှုကို တိုက်ဖျက်နိုင်ဖို့အတွက် folate ပြည့်ဝတဲ့ အစားအစာတစ်ခုခုကို စားသုံးဖို့လိုပါမယ်။ ဘာစားရမလဲလို့များတွေးနေလား။ ကညွတ်က folate ပမာဏပြည့်ဝစွာပါဝင်နေတဲ့ အစားအစာတစ်ခုပါ။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းသောက်တာက သွေးတွင်းဂလူးကို့စ် ပမာဏကို ထိန်းညှိရာမှာအထောက်အကူပြုပေးပါတယ်။ နေ့စဉ် လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်သုံးပေးမယ်ဆိုရင် တက်ကြွနေစေပြီး ရေဓာတ်ပြည့်ဝစေနိုင်သလို အချိုစားချင်စိတ်ကိုလည် လျော့ကျစေနိုင်ပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ choline ပါဝင်တာကြောင့် အာရုံကြောစနစ်ရဲ့ ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥဖြစ်ဖြစ်နေ့စဉ်စားသုံးပေးမယ်ဆိုရင် စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး စိတ်ပျော်ရွှင်မှုကို ရရှိစေမှာသေချာပါတယ်။

အခုပြောပြခဲ့တဲ့ အစားအစာလေးတွေကိုစားသုံးပြီး စိတ်တက်ကြွလန်းဆန်းနေတဲ့ နေ့လေးတစ်နေ့ကို ဖန်တီးလိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required