ရခိုင်ပြည်နယ်၏ ပညာရေးအတွက် တစ်နှစ်အတွင်း သန်းပေါင်းတစ်သိန်းကျော် သုံးစွဲထား

ရခိုင်ပြည်နယ်၏ ပညာရေးအတွက် တစ်နှစ်အတွင်း သန်းပေါင်းတစ်သိန်းကျော် သုံးစွဲထား
(ဓာတ်ပုံ - RiA)

ရန်ကုန်၊ ဇွန် ရ ။                   ။ ပညာရေးအခြေအနေနိမ့်ကျနေသည့် ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်အတွင်း သန်းပေါင်း တစ်သိန်းကျော်အထိ သုံးစွဲထားကြောင်း သိရသည်။

အဆိုပါအသုံးစရိတ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးထဲတွင်အများဆုံးအသုံးစရိတ်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန အသုံးစရိတ် စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းရှိနေကြောင်းသိရသည်။

အဓိကနေဖြင့် ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ထားခဲ့ရသည့်ကျောင်းများကို ပြန်လည် မွမ်းမံခြင်းနှင့် အသစ်တည်ဆောက်ရေး လုပ်ငန်းများတွင် သုံးစွဲခဲ့ခြင်းဟုသိရပြီး ၁ဝ၅၃၆၂ ဒသမ ၉၆၃ သန်း ရှိနေသည်။

အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသောကျောင်း ၄၂၄ ကျောင်းအနက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ၃၄ ကျောင်းထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် စာပေသင်ကြားနိုင်သည့် ကျောင်း စုစုပေါင်း ၃၂၄ ကျောင်း ရှိနေပြီ ဖြစ်ကြောင်း အစိုးရဘက်မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သို့သော် ယခုနှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မှာ ၂၁ ဒသမ ၄၅ ရာခိုင်နှုန်းသာ ရှိပြီး တိုင်းနှင့် ပြည်နယ်များထဲတွင် ချင်းပြည်နယ်ပြီးပါက အောင်ချက်အနိမ့်ဆုံး ဖြစ်နေသည်။

ရခိုင်ပြည်နယ်ရှိ အထက်တန်းကျောင်း ၂၅ ကျောင်းတွင်လည်း ၁၀ တန်းအောင်သည့် ကျောင်းသားမရှိခဲ့သည့် အခြေအနေလည်းဖြစ်သည်။

ရခိုင်ပြည်နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များစွာ ရှိနေသေးပြီး လက်ရှိဖွင့်ထားသည့် ၃၂၄ ကျောင်းတွင် ဆရာ/ ဆရာမ ၆ဝဝ ကျော် လိုအပ်နေသေးသည်ဟုလည်းသိရသည်။

အလားတူ သက်မွေးပညာ သင်ယူမှုအခွင့်အလမ်းများ လက်လှမ်းမီနိုင်စေရန် ရခိုင်ပြည်နယ် ဂွမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း နှစ်ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစတင်၍ ဘတ်ဂျက်လျာထားတင်ပြသွားမည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းအားလုံးမှ ပညာသင်ယူရန် ခက်ခဲနေသည့် မိသားစုဝင်များအတွက် ကျောင်းနှင့်အိမ် အသွား အပြန် ခရီးစရိတ်၊ အစားအစာ၊ ကျောင်းဝတ်စုံ၊ သင်ထောက်ကူပစ္စည်းများနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကို စိစစ်၍ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနမှလည်း ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်မှစတင်၍ ဘတ်ဂျက်လျာ ထားနိုင်ရေး ဆောင်ရွက်မည် ဟုသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly