မက္ကစီကို၌ မီးရှီုးမီးပန်းများ ပေါက်ကွဲ၍ လူ ရ ဦးသေဆုံး

မက္ကစီကို၌ မီးရှီုးမီးပန်းများ ပေါက်ကွဲ၍ လူ ရ ဦးသေဆုံး

မက္ကစီကိုစီးတီး၊ ဇွန် ရ ။                    ။ မက္ကစီကိုနိုင်ငံအလယ်ပိုင်းရှိ တူလ်တီပက်မြို့မှ နေအိမ်တစ်လုံးထဲ၌ ဗုဒ္ဓဟူးနေ့က မီးရှုးမီးပန်းပြုလုပ်သော ပစ္စည်းများပေါက်ကွဲ၍ လူ ရ ဦးသေဆုံးခဲ့ပြီး ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မက္ကစီကိုပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သော အာဏာပိုင်များ၏အဆိုအရ အခင်းဖြစ်ပွားရာနေအိမ်ခြံဝန်းထဲ၌ အမျိုးသား ၂ ဦး၏အလောင်းနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းများကိုလည်း ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ဆေးရုံသို့ ပို့ဆောင်နေစဉ် အမျိုးသမီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာလည်း ဆေးခန်းသို့ရောက်ရှိစဉ်တွင် အသက်မမှီပဲ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

မက္ကစီကိုပြည်နယ်မှ ပြည်သူလူထုကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ အကြီးအကဲဖြစ်သူ အာတူရိုဗီလ်ချစ် ကလည်း ပေါက်ကွဲမှုကြောင့် နောက်ထပ် လူ ၂ ဦးသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ရ ဦးဖြစ်သည်ဟု အတည်ပြုပြောဆိုခဲ့သည်။

ဆက်လက်ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဟု သူက ဆိုခဲ့သည်။

သေဆုံးသူများမှာ အသက် ၂၂ နှင့် ၆၉ နှစ်အရွယ်ကြား ရှိသူများဖြစ်ကြပြီး ဒဏ်ရာရသူများထဲ၌ အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ဦးနှင့် ဆယ်ကျော်သက် ၂ ဦးပါ၀င်ပြီး အားလုံးကို ဆေးရုံ၌ ကုသပေးနေကြောင်း သိရသည်။

မီးရှုးမီးပန်းများပေါက်ကွဲမှုကြောင့် နေအိမ် ၂၃ လုံးနှင့် ယာဉ်ပေါင်း တစ်ဒါဇင်ခန့်လည်း ထိခိုက်ပျက်စီးသွားခဲ့ရ သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ အယ်လ်ဖရီဒိုဒယ်မာဇိုက သေဆုံးသူများနှင့် ထိခိုက်နစ်နာခဲ့ရသူ မိသားစုများအတွက် ထိခိုက်ခံစားရကြောင်း သူ၏ တွစ်တာမှတဆင့် ပြောဆိုခဲ့သည်။

“သေဆုံးခဲ့သူများနဲ့ ဒဏ်ရာရရှိသူများ၊ ၄င်းတို့ရဲ့မိသားစုများကို ကူညီထောက်ပံ့ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို ညွန်ကြားထားပါတယ်။ သူတို့ကို အပြည့်အဝထောက်ပံ့ပေးမှာပါ” ဟု သူက ဆိုခဲ့သည်။

တူလ်တီပက်မြို့သည် မက္ကစီကို၏ မီးရှုးမီးပန်းမြို့တော်တစ်ခုအဖြစ် နာမည်ကျော်ကြားပြီး လူအသေပျောက် များသော ပေါက်ကွဲမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက လည်း မီးရှုးမီးပန်းစျေးကြီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၄၂ ဦးခန့် သေဆုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly