ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန် အပါအဝင် ရခိုင်ပြည်နယ်အနှံ့ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန် အပါအဝင် ရခိုင်ပြည်နယ်အနှံ့ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

လာမည့် စက်တင်ဘာလ ၉ ရက်တွင် ကျရောက်မည့် ဆရာတော် ဦးဥတ္တမနေ့ ၇၆ ကြိမ် မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့တို့၌ ယခင်နှစ်က ထက်ပို၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆရာတော်နေ့ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဟု ပြောသော်လည်း မည်သည့်နေရာတွင် ကျင်းပမည်ကို အတိအကျ မသိရသေးဟု ဆိုသည်။

"ဆရာတော် ဦးဥတ္တမဟာ အာရှနေဝန်း ဖြစ်တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက်ကို ပထမဆုံး တိုက်တွန်းခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကိုပါ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ တာတွေ ရှိပါတယ်။ အာဇာနည် ပုဂ္ဂိုလ်တစ်ဦးရဲ့ အခမ်းအနားကို ကျင်းပတာဟာ ဆရာ တော်ကြီးရဲ့ ကျေးဇူးကို ဆပ်ရာလည်း ရောက်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ကျင်းပခြင်း အားဖြင့် စည်းလုံး ညီညွတ်မှုကို ပြရာလည်း ရောက်ပါတယ်" ဟု ပြောသည်။

ဗြိတိသျှဘုရင်ခံ ဆာ ရယ်ဂျီနယ် ကရက်ဒေါက်ကို မြန်မာပြည်မှ ထွက်သွားရန် နှင်ထုတ်ခဲ့ သည့် ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် အထိမ်းအမှတ်နေ့ကို နှစ်စဉ် ရခိုင်ပြည်နယ် အတွင်းပြုလုပ်ခဲ့ပြီး အစိုးရ၏ လုံခြုံရေးချ စောင့်ကြည့်ခြင်းများ ပြုလုပ်ခံခဲ့ရသည်ဟု ရခိုင်တိုင်းရင်းသားများက ပြောဆိုကြသည်။

သံတွဲခရိုင် ငပလီမြို့တွင်လည်း သုံးကြိမ်မြောက်အဖြစ် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကို ကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီဝင် ကိုစိန်ချစ် က ပြောကြားသည်။

"ဆရာတော်ရဲ့ သမိုင်းကြောင်းကို သိဖို့ရယ်၊ ဆရာတော်လိုမျိုး နောက်ထပ် မျိုးဆက်သစ်တွေ ပေါ်ပေါက်ဖို့ရယ်ကြောင့်ပါ။ ဆရာတော်ဟာ အမှန်တရားဘက်က ရပ်တည်ပေးတယ်။ ကိုယ့်တိုင်းရင်း သား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံဘက်က ရဲဝံ့စွာ ရပ်တည်ပေးတဲ့ စိတ်ဓာတ်မျိုးတွေကို လူငယ်တွေကို သိစေချင်တယ်" ဟု ပြောသည်။

မြန်မာ့လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့သည့် ဆရာတော်နေ့ကို ကျင်းပရန် မြန်မာအုပ်ချုပ် သူ အစိုးရအဆက်ဆက်က ပိတ်ပင်ထားခဲ့ရာမှ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကမှ စစ်တွေမြို့အပါ အဝင် ရခိုင်ပြည်နယ်အဝန်းတွင် ကျင်းပခွင့်ပေးခဲ့ပြီး ယခုနှစ်တွင် အာဏာပိုင်များမှ တစ်ပြည်နယ်လုံး အတိုင်းအတာအားဖြင့် တရားဝင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပေါက်တောမြို့နယ်တွင်လည်း ဆရာတော်နေ့ကို ၅ ကြိမ်မြောက်အဖြစ် ကျင်းပသွားရန် စီစဉ် ဆောင်ရွက်နေကြောင်း ကျင်းပရေးကော်မတီဝင် ဦးကျော်ဝင်း က ပြောကြားသည်။

"ဆရာတော်ဟာ ရခိုင်လူငယ်တွေအတွက် အတုယူစရာ ဖြစ်တယ်။ ကျနော်တို့အတွက် အမြဲ တမ်း သတိရစေတယ်။ ဆရာတော်ကို ဂုဏ်ပြုခြင်းအားဖြင့် အနာဂတ်လူငယ်တွေ အတုယူပြီးတော့ကောင်းမွန် တဲ့ ရခိုင်ပြည် အနာဂတ်တစ်ခုကို ပြန်တည်ဆောက်ဖို့ ဖြစ်တယ်။ ပြီးတော့ တကယ့်အမှတ် ရစေတဲ့ ဆရာတော်ရဲ့ စကားက ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင် ယူတတ်တဲ့သူမှ လူနဲ့တူတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်" ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမသည် အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို အုပ်ချုပ်ခဲ့စဉ် မြန်မာအမျိုးသား များ နိုင်ငံရေးစိတ်ဓာတ် မြင့်မားလာစေရန် ဟောပြောမှု၊ နှိုးဆော်မှုများကြောင့် ထောင်ဒဏ် အကြိမ်ကြိမ် အပေးခံခဲ့ရသည့် သံဃာတော်တစ်ပါး ဖြစ်သည်။

ဆရာတော်ကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရွာ တွင် မိခင် ဒေါ်အောင်ကြွသူ နှင့် အဖ ဦးမြတို့မှ မွေးဖွားခဲ့ပြီး သက်တော် ၆၀ ပြည့်သော ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly