ကာဇက်စတန်တွင် သတို့သမီးအဖြစ် ပြန်ပေးဆွဲခံရသည့် အမျိုးသမီးကို ကျုးလွန်သူက ရဲစခန်းထဲ သတ်ဖြတ်မှု ဖြစ်၍ လူထောင်ကျော် ဆန္ဒပြ

ကာဇက်စတန်တွင် သတို့သမီးအဖြစ် ပြန်ပေးဆွဲခံရသည့် အမျိုးသမီးကို ကျုးလွန်သူက ရဲစခန်းထဲ သတ်ဖြတ်မှု ဖြစ်၍ လူထောင်ကျော် ဆန္ဒပြ

ဘစ်ရှ်ကိ၊ ဇွန် ၆ ။          ။ ကာဇက်စတန်နိုင်ငံတွင် သတို့သမီးအဖြစ် ပြန်ပေးဆွဲခံရသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို ၎င်းအား ပြန်ပေးဆွဲသည့် ကျူးလွန်သူကိုယ်တိုင်က ရဲစခန်းတွင်းမှာပင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် ကျောင်းနေအရွယ်များ အပါအဝင် လူထောင်ကျော်က နို်င်ငံအတွင်း ဖြစ်ပွားမှု မြင့်မားနေသည့် ထိုသို့သော သတို့သမီးအဖြစ် ပြန်ပေးဆွဲခြင်းများကို ဆန္ဒပြကြသည်။

နိုင်ငံ၏ မြောက်ပိုင်းနယ်မြေတွင် ဆေးကျောင်းသူတစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် ဘူရူလိုင်းသည် သူ့အား ပြန်ပေးဆွဲသူကို တိုင်ကြားရန် သက်သေအချက်အလက်များ ရဲစခန်းတွင် တင်ပြဖို့ ပြင်ဆင်စဉ် ၎င်းအား ပြန်ပေးဆွဲသူက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားထားခြင်း ဖြစ်သည်။

အသက် ၃၀ အရွယ် ထိုလူသတ်မှု ကျုးလွန်သူသည် ရဲစခန်းတွင်း ဘူရူလိုင်းအား ထိုးသတ်ပြီးနောက် ကိုယ်ကိုကိုလည်း ဓားဖြင့် ထိုးရာ ဆေးရုံတင်ပို့ ပေးခဲ့ကြရသည်။

အဆိုပါ လူသတ်မှုသည် မေလအတွင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအုပ်စုများနှင့် ကာဇက်စတန်သမ္မတ ဆိုးရွန်ဘိုင်းဂျင်းဘီကော့ဗ်တို့က ရှုတ်ချပြစ်တင်ခဲ့ကြသည်။

ဆိုဗီယက်ခေတ်လွန် ကာဇက်စတန်တွင် အသက် ၂၄ နှစ်အောက်ထက် ငယ်သော အမျိုးသမီးများ၏ ၁၃ ဒဿမ ၈ ရာခိုင်နှုန်းက ပြန်ပေးဆွဲခံရကာ အတင်းအကြပ် ပေါင်းသင်းခံနေကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

မြို့တော် ဘစ်ရှ်ကိရှိ ပင်မရင်ပြင်တွင် အဖြူရောင်ဘောလုံးများ ကိုင်ဆောင်လျက် ဆန္ဒပြသူများက “သတို့သမီးအဖြစ် ပြန်ပေးဆွဲ ပေါင်းသင်းခြင်းများကို ဆန့်ကျင်တယ်။”၊ “မိန်းကလေးတွေကို ပျော်ရွှင်မှုအတွက် အခွင့်အလမ်း ပေးသင့်တယ်။”စသော ကြွေးကြော်စာတမ်းများကို ကိုင်ဆောင်ထားကြသည်။

“ရဲစခန်းထဲမှာတောင် ခုလို သတ်ခံလိုက်ရတာကြောင့် ကျွန်မတို့ အားလုံး ကြောက်ရွံ့တုန်လှုပ်ရတယ်။ ကျွန်မ အခု ၁၉ နှစ်ပါ။ အဲလိုမျိုး ပြန်ပေးဆွဲခံရမှာကို စိုးရိမ်နေတယ်။”ဟု ဆန္ဒပြကျောင်းသူတစ်ဦးက ပြောသည်။

ထိုသို့ ရဲစခန်းအတွင်း သတ်ဖြတ်ခံရခြင်းကြောင့် “အသတ်ခံခဲ့ရသည့် အမျိုးသမီး ရင်ဆိုင်နေရသော အန္တရာယ်ကို ရဲတို့က ဆိုးဆိုးဝါးဝါး ဂရုမစိုက်ခြင်းပဲ ဖြစ်ကြောင်း၊ လာရောက် တိုင်ကြားချိန်က အသတ်ခံခဲ့ရသူနှင့် သတ်ဖြတ်သူတို့ကို ခွဲထားရမည်ကိုပင် ပျက်ကွက်ခဲ့ကြောင်း” လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ရဲအား အပြစ်တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly