မလေးရှားတွင် စံချိန်တင်မူးယစ်ဆေးဖမ်းဆီးရမိမှ ထွက်ပြေးနေသော အဓိကတရားခံ ယူဆရသူအား မန္တလေးတွင် ဖမ်းမိ

မလေးရှားတွင် စံချိန်တင်မူးယစ်ဆေးဖမ်းဆီးရမိမှ ထွက်ပြေးနေသော အဓိကတရားခံ ယူဆရသူအား မန္တလေးတွင် ဖမ်းမိ

ရန်ကုန်၊ ဇွန်လ ၆ ။             ။ မြန်မာနိုင်ငံမှ တင်သွင်းလာသော  စံချိန်တင်များပြားသည့်  Crystal meth မူးယစ်ဆေးဝါးများကို မလေးရှား တွင် ဖမ်းဆီးနိုင်ခဲ့မှုမှ ထွက်ပြေးလွတ်မြောက်နေသော အဓိကတရားခံဟု ယူဆရသူ မောင်မောင် (ခ) Hj Yassin အား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

အသက် ၄၄ နှစ်အရွယ် မောင်မောင်(ခ) Hj Yassin ဆိုသူအား ဇွန်လ ၅ ရက်၊ ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့် တွင် မန္တလေးတိုင်းဒေသကြီး၊  ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇွန်လ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူတရားခံများအား ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မောင်မောင်(ခ) Hj Yassin ဆိုသူကို  ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ယနေ့ ဇွန်လ ၆ ရက်နေ့၊ နေ့လည်ပိုင်းက ချုပ်ရမန်ယူခဲ့သည်။

မေလ ၂၂ ရက်က  မြန်မာနိုင်ငံမှတင်ပို့လိုက်သည့်  ယင်းမူးယစ်ဆေးဝါးများကို သင်္ဘောကွန်တိန်နာတစ်ခုတွင် လက်ဖက်ခြောက်ထုပ်များနှင့်ဝှက်လျက် သယ်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း  မလေးရှား ဘက်မှ မေလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။

မလေးရှားဘက်မှ ထုတ်ပြန်ချက်အရ တန်ချိန်ပေါင်း  ၁ ဒသမ ၂ တန် နီးပါးရှိ မူးယစ်ဆေးဝါးများဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ရ၁ သန်း) ခန့်ရှိပြီး အလေးချိန် ၁,၁၈၇ ကီလို ရှိကာ စံချိန်တင် ပမာဏများပြားကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ သည်ဟု နိုင်ငံတကာသတင်းများတွင်လည်း ဖော်ပြထားသည်။

ယင်းမှုးယစ်ဆေးဝါးများကို ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ခိုင်းသူမှာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ  လက်ရှိဖမ်းဆီးထားသူ အသက် ၄၄ နှစ်အရွယ်  မောင်မောင် (ခ) Hj Yassin  ဖြစ်သည်ဟု သိရကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်နှစ်ခုတွင်လည်း မောင်မောင် (ခ) Hj Yassin ဆိုသူ ငွေစာရင်းနှင့် ဆက်စပ်တရားခံ (၁)ဦးတို့၏ ငွေစာရင်းရှိ  ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော်နှင့် ATM ကတ် ၂ ခုတို့အားလည်း ယာယီပိတ် သိမ်းထားကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required