နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး အစိုးရနှင့် ကုလ ပူးပေါင်းမှုကို အမေရိကန် ကြိုဆို

နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး အစိုးရနှင့် ကုလ ပူးပေါင်းမှုကို အမေရိကန် ကြိုဆို

 

ရန်ကုန် ၊ ဇွန် ၆ ။                              ။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီ အထောက်အပံ့များပေးရန် အစိုးရနှင့်ကုလသမဂ္ဂဖွံ့ဖြိုးရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ခဲ့ခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ ၎င်းတို့၏သဘောဆန္ဒအလျောက် လုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိစွာနေရပ်ရင်းသို့ပြန်နိုင်ရေးကို အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသွားသူများ ပြန်လာရေးကိစ္စများ ၊ အသိုက်အဝန်းများအားလုံး အကျိုးရှိနိုင်မည့် အတူယှဉ်တွဲနေထိုင်ရေးကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ အစိုးရကို အထောက်အပံ့ပြုသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်တည်ဆောက်ရေးကိစ္စများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ယင်းအပြင် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းမည်ဟု အစိုးရက မေလ ၃၁ ရက်နေ့တွင် ကြေညာခဲ့ရာ ယင်းကော်မရှင်နှင့်ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် အမေရိကန်ပြည်ထောင်စုကမျှော်လင့်နေသည်ဟုရေးသားထားသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး “စုံစမ်းစစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှု၏ အမြင့်ဆုံး စံချိန်စံညွှန်းများကို စွဲကိုင်သွားရန်နှင့် စုံစမ်းစစ်ဆေးမှု၏ ရလဒ်တစ်ခုအနေဖြင့် သင့်လျော်သော အရေးယူမှုများကို အစိုးရက ဆောင်ရွက်ရန်အတွက်လည်း အရေးကြီးမည်” ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ရေးသားထုတ်ပြန်ထားသည်။

ဇွန်လ ၆ရက်တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မူ ယင်းကော်မရှင်နှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်စိုးက အရေးအကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းရာတွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တစ်ဦးအပါအဝင် အဖွဲ့ဝင် (၃)ဦးဖြင့် ဖွဲ့စည်းသွားရန် ရှိသည့်အပေါ် အရေးအကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာမှ ပုဂ္ဂိုလ်များ ပါ၀င်သော အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုကို ခံယူရပါက ပြည်တွင်းကိစ္စရပ် သမိုင်းကြောင်း  မြေပြင်အနေအထား ယဉ်ကျေးမှုနောက်ခံ နဲ့ ခံစားချက်  ဒေသတွင်းနေထိုင်သူများရဲ့ Communuty Right၊ National Identityတို့ကို မသိနိုင်ပဲ  လူ့အခွင့်အရေးနဲ့ Humantarian Intervention လူသားခြင်းစာနာမှုခေါင်းစဉ်ကို သုံးသပ်ခဲ့ကြလို့ မြေပြင်အနေအထားအမှန်နဲ့ ကွဲလွဲနေမှုကြောင့် ယနေ့တိုင်ဖြေရှင်းနေရတာကို တွေ့ရှိနေကြရပါတယ်" ဟု ၄င်းက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး  ဖြစ်စဉ်များ မဖြစ်မီ အခြေအနေ၊ ပကတိဖြစ်စဉ်များ၊ နောက်ဆက်တွဲ ကိစ္စရပ်များ နှင့်သက်ဆိုင်သော ကိစ္စရပ်များကို ပြည်ထောင်စု အစိုးရနှင့် တပ်မတော်ပိုင်းဆိုင်ရာတို့မှ တရားဝင်စုံစမ်းစစ်ဆေးကာ သတင်းထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ယခုကော်မရှင်အသစ်မလိုအပ်ကြောင်း  ဦးစိုင်းကျော်မိုးက အစည်းအဝေးတွင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly