နေရပ်စွန်ခွာသူများ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီတို့ MOU ရေးထိုး

နေရပ်စွန်ခွာသူများ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီတို့ MOU ရေးထိုး
Photo - AFP
 

 

ရန်ကုန် ၊ ဇွန် ၆ ။                     ။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီ အထောက်အပံ့များပေးရန် အစိုးရနှင့်  ကုလသမဂ္ဂဖွံ့ဖြိုးရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာကို ယနေ့ ဇွန်လ ၆ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုလို လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသွားသူများ ပြန်လာရေးကိစ္စများ ၊ အသိုက်အဝန်းများအားလုံး အကျိုးရှိနိုင်မည့် အတူယှဉ်တွဲနေထိုင်ရေးကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ အစိုးရကို အထောက်အပံ့ပြုသွားမည်ဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်တည်ဆောက်ရေးကိစ္စများ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အစိုးရ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီများနှင့် အစိုးရအကြား လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် နေရပ်စွန့်ခွာသွားသူများ မိမိသဘောဆန္ဒအလျောက် လုံခြုံဘေးကင်း သိက္ခာရှိစွာ ပြန်လာနိုင်ရေး လုပ်ငန်းများကို ပိုမိုအားဖြည့် မြှင့်တင် ပေးနိုင်မည်ကို မျှော်လင့်ထားသည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်များအနေဖြင့် ပြန်လည်ဝင်ရောက်လာသူများကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာအစိုးရကို အထောက်အပံ့ပြုသွားမည်ဖြစ်သည်ဟုထုတ်ပြန်ထားသည်။

ယခင်ကလည်း နေရပ်စွန့်ခွာသူများ ပြန်လာရေးလုပ်ငန်းစဉ်များကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်တွင် နေရပ်စွန့်ခွာသူ ၂၃၀၀၀၀ ခန့်ကို ပြန်လည် စိစစ်လက်ခံခဲ့သည်ဟု အစိုးရက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required