မြန်မာနိုင်ငံတွင် စပါးခွံမှ အပူစွမ်းအင်ကိုအသုံးပြုပြီး ပထမဆုံးဘိလပ်မြေထုတ်လုပ်ခြင်းကို SCG စတင်လုပ်ဆောင်

မြန်မာနိုင်ငံတွင် စပါးခွံမှ အပူစွမ်းအင်ကိုအသုံးပြုပြီး ပထမဆုံးဘိလပ်မြေထုတ်လုပ်ခြင်းကို SCG စတင်လုပ်ဆောင်

 

ဇွန် ၆။                           ။ မြန်မာနိုင်ငံရှိ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပထမဆုံးအနေဖြင့် SCG ၏ လုပ် ငန်းခွဲတစ်ခုဖြစ်သော မော်လမြိုင်ဘိလပ်မြေစက်ရုံ(MCL)၌  စပါးခွံမှ အပူစွမ်းအင်ကိုအသုံးပြုပြီး ဘိလပ်မြေ ထုတ်လုပ်ခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“MCL ရဲ့ စက်ရုံတွင်း စပါခွံလောင်စာသုံးစွဲမှု ပဏာမခြေလှမ်းဟာ ဇီဝလောင်စာတွေကို ပြန်လည်သုံးစွဲ နိုင်ဖို့နဲ့ MCL အနီးနားတစ်ဝိုက် နယ်မြေရှစ်ခုက ဒေသခံလယ်သမားတွေနဲ့ ဆန်စက်လုပ်ငန်းတွေကို အပိုဝင်ငွေရရှိစေဖို့လည်း ရည်ရွယ်ပါတယ်” ဟု MCL ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Surachai Pornjindachote ကပြောသည်။

စိုက်ပျိုးထုတ်ကုန် အကြွင်းအကျန်နှင့် စွန့်ပစ်ပစ္စည်းဖြစ်သော စပါးခွံသည် သဘာဝစွမ်းအင် ထုတ်လုပ် ပေးနိုင်သော ဇီဝလောင်စာ၏ အဓိက အရင်းအမြစ်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် မွန်ပြည်နယ်တွင် ဆန် စပါးကြိတ်ခွဲထုတ်လုပ်မှုများမှ နေ့စဉ်ထွက်ရှိသော စပါးခွံ တန် ၈၉၀ကျော်သည် ပြုန်းတီးမှုများ ဖြစ်ပေါ် နေကြောင်း SCG၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စပါးခွံမှ အပူစွမ်းအင်ဖြင့် ဘိလပ်မြေထုတ်လုပ်မှုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ ၁၂ရက် တာ စမ်းသပ်ကာလ အနေဖြင့် စတင်သုံးစွဲခဲ့ပြီး ၎င်းကို အသုံးပြုခြင်း အကျိုးရလဒ်အဖြစ် ၁၂ ရက်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၉၈ တန်ကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် ၂၀၂၀ခုနှစ်တွင် တစ်နှစ်လျှင် စပါးခွံတန်ပေါင်း ၉၆၀၀ဝ နှင့် အခြားဇီဝလောင်စာများ အစားထိုးသုံးစွဲခြင်းဖြင့် လက်ရှိအပူစွမ်းအင်ပမာဏ၏ ၂၀ရာခိုင် နှုန်းကို သက်သာစေသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွတ်မှု တန် ၁၂ဝဝဝဝ ကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

SCG သည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းခွဲ ၅ခုနှင့် ခန့်မှန်းဝန်ထမ်းပေါင်း ၃၄၀ခန့်ဖြင့် ဘိလပ်မြေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly