မန္တလေး တက္ကသိုလ် နှစ် ၆၀ ပြည့် အထိမ်းအမှတ် စာပေစကားဝိုင်း ပြုလုပ်

မန္တလေး တက္ကသိုလ် နှစ် ၆၀ ပြည့် အထိမ်းအမှတ် စာပေစကားဝိုင်း ပြုလုပ်

 

ဇွန် ၆ ။           ။ မန္တလေး တက္ကသိုလ် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် "ကိုယ့်ခေတ် ကိုယ့်အခါ ကိုယ်တို့ကျောင်းသားဘဝနှင့် မန္တလေးတက္ကသိုလ်"ခေါင်းစဉ်နဲ့ စာပေစကားဝိုင်းကို ဇွန်လ ၅ ရက်၊နံနက် ပိုင်းက မန္တလေးတက္ကသိုလ်၊အင်းဝ(၉)ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

စာပေစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ကြသူတွေကတော့ မန္တလေးတက္ကသိုလ်ကျောင်းသား၊ကျောင်းသူဟောင်းများဖြစ်တဲ့ စာရေးဆရာ ကျော်ရင်မြင့်၊စာရေးဆရာ ဆူးငှက်၊စာရေးဆရာ ညီပုလေးနဲ့ စာရေးဆရာမ ခင်ခင်ထူးတို့ပဲဖြစ်ပါတယ်။

စာရေးဆရာ ကျော်ရင်မြင့်က"ကျွန်တော်တို့ချစ်တဲ့ ဒီတက္ကသိုလ်ကြီးမှာ နောက်ကျောမလုံတာတွေ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေတာတွေ မတော်တဆရှိနေသေးတယ်ဆိုရင် တာဝန်ရှိတဲ့ ဆရာကြီး၊ဆရာမကြီးများက တာဝန်ယူပြီးတော့ အဲဒီလူတွေ ကျောင်းထဲမလာနိုင်အောင် တာဝန်ယူဖို့ လိုပါတယ်"လို့ပြောပါတယ်။

"လွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်း၊ ကျွန်တော်တို့မှာ နှောင်ဖွဲ့မှုမရှိခြင်း။ ဒီကောင်က ထောက်လှမ်းရေးသတင်းပေးလား။ ဒီကောင်က ဘာကောင်လားဆိုပြီးတော့မှ အထင်အမြင်ခံရမှာစိုးရွံ့ကြခြင်း။ တစ်ယောက်ယောက်ကနေ ဒီကောင်ဘာလုပ်နေလဲလို့ နောက်ကျောမလုံအောင် လိုက်ကြည့်နေခြင်းတွေကို ကျွန်တော်တို့ခေတ် ကျွန်တော်တို့အခါက မခံစားခဲ့ရတာ အလွန်ကျက်သရေရှိတယ်လို့ထင််ပါတယ်"လို့ သူတို့ခေတ်ဖြတ်သန်းခဲ့ရမှုတွေကို စာရေးဆရာ ကျော်ရင်မြင့်ကပြောပါတယ်။

စာရေဆရာ ညီပုလေးကလည်း ဘူမိဗေဒဘာသာကျောင်းသားတွေ ခက်ခက်ခဲခဲ ဦးဆောင်လုပ်ခဲ့တဲ့ ကျောက်ရိုင်းအမည်နဲ့ နံရံကပ်စာစောင်အကြောင်းကိုလည်း အမှတ်တရထည့်သွင်းပြောခဲ့ပါတယ်။

စာရေးဆရာ ညီပုလေးကဆက်လက်ပြီး "ဘာသာပေါင်းစုံက ကျောင်းသူကျောင်းသားတွေဝင်ရေးတာဖြစ်တဲ့အတွက် ဘာသာပေါင်းစုံက လာဖတ်တယ်။ ရူပဒေကလည်းရေးတယ်။ မာစတာက ကျောင်းသူကျောင်းသားတွေကလည်း ဝင်ရေးကြတော့ ဌာနခြင်းကလည်းနီးတော့ လူစိတ်ဝင်စားတဲ့ နံရံကပ်စာစောင်ပါ။ လူတင်မကပါဘူး။ အာဏာပိုင်ကလည်း စိတ်ဝင်စားပါတယ်။ကျောင်းသားရေးရာကိုပြပါတယ်။ တည်းဖြတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီ အာဏာပိုင်ဆိုတဲ့ မှန်ဘီလူးနဲ့ကြည့်တဲ့သူတွေ မျက်ခုံးမွှေးပေါ်ကို စင်္ကြန်လျှောက်ခဲ့ကြတယ်"လို့ပြောပါတယ်။

စာရေးဆရာမ ခင်ခင်ထူးက"မန္တလေးတက္ကသိုလ်ကို အထက်ဗမာပြည်အသီးသီးက ဒေသကောလိပ်တွေက ကျောင်းသား၊ကျောင်းသူတွေစုပေါင်းပြီး ရောက်လာကြတယ်။။ ရှမ်းပြည်နယ်ပါတယ်ပေါ့။ တောင်ပိုင်း၊မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နောက် ကျွန်မတို့အညာဒေသတစ်ခွင် ဒေသအသီးသီးက ကျောင်းသူ၊ကျောင်းသားတွေရောက်လာတာပေါ့နော်။   ရောက်လာတဲ့အခါ ဒီတက္ကသိုလ်ကြီးမှာ ကျွန်းမတို့တိုင်းရင်းသားတွေ အထူးသဖြင့် အမှတ်ရနေသေးတယ်။ တိုင်းရင်းသားတွေ ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ အများကြီးရှိတယ်။ ကချင်တွေလည်းရှိတယ်။ ရှမ်းတွေလည်းရှိတယ်။ ချင်းလူမျိးတွေရှိတယ်။ ရှမ်းတရုတ်တွေရှိတယ်။ နောက်ပြီးတော့ အညာသူ အညာသားတွေပေါ့။ ဒေသအသီးသီးက မုံရွာတို့ မိတ္ထီလာတို့ မြင်းခြံစသဖြင့်ပေါ့။ အဲဒီတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထူးပြောစရာမလိုဘူး"လို့ အမှတ်တရစကားပြောပါတယ်။

အခုလိုစာပေ စကားဝိုင်းပြုလုပ်ရတာနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကဒေါက်တာ ဒေါ်သီတာဝင်းက"နောက်လာမယ့်မျိုးဆက်သစ်တွေအတွက် စာပေစကားဝိုင်းကိုပြောကြားပြီးတော့ ဘယ်လိုတွေ ကျောင်းသား ကျောင်းသူတွေဟာ မိမိဘဝဘယ်လိုတိုးတက်အောင်လုပ်ရမလဲ။တက္ကသိုလ်ကို ဘယ်လိုအထောက်ပံ့ပေးရမလဲ။ပြည်သူတွေကို ဘယ်လိုအထောက်အပ့ံပြုရမလဲ။အဲဒါတွေကို အသိစိတ်ဝင်သွားပြီးရင် မိမိအတွက် ဘယ်လိုတိုးတက်အောင်ကြိုးစားရမလဲ။တက္ကသိုလ်တိုးတက်အောင် ဘယ်လိုကြိုးစားရမလဲ။မိမိပတ်ဝန်းကျင်တိုးတက်အောင်ကြိုးစားရမယ်။နောက်ဆုံးတစ်ချက် ဘာလဲဆိုရင် မိမိနိုင်ငံတိုးတက်အောင် ကြိုးစားရမယ်ဆိုတဲ့ အသိစိတ်လေးတွေဝင်သွားဖို့ ကျွန်မတို့ ဒီစကားဝိုင်းကို လုပ်တာ ဖြစ်ပါတယ်"လို့ပြောပါတယ်။

ဒီစာပေစကားကိုဝိုင်းကို တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအပြင် စိတ်ပါဝင်စားသူများနှင့်ကျောင်းသား၊ကျောင်းသူဟောင်းများလည်း တက်ရောက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required