ကိုယ်ဝန်ဖျက်ချခြင်းက ရင်သားကင်ဆာဖြစ်စေနိုင်သလား

ကိုယ်ဝန်ဖျက်ချခြင်းက ရင်သားကင်ဆာဖြစ်စေနိုင်သလား

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

မကြာသေးမီက လေ့လာမှုတွေအရ ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အချို့လေ့လာမှုတွေရဲ့ တွေ့ရှိချက်တွေအရ ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်းမမြင့်မားဘူးလို့ ဆိုပေမယ့် အချို့လေ့လာမှုတွေမှာတော့ ဖြစ်နှုန်းအနည်းငယ် မြင့်မားတယ်လို့ ဆိုပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ သေနှုန်းဒုတိယ အမြင့်မားဆုံး ကင်ဆာ ဖြစ်တာကြောင့် ဒီအချက်အလက်တွေဟာ စိတ်ရှုပ်ထွေးစေပါတယ်။ ဒါပေမယ့်လည်း ဒီလေ့လာမှုတွေရဲ့ လေ့လာမှုတွေကတော့ သက်သေပြထားခြင်း မရှိသေးပါဘူး။
ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်းမြင့်မား စေတယ်လို့ ဘာကြောင့် ဆိုကြတာလဲ။

အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်မှာ ဟော်မုန်းပမာဏတွေဟာ အကြောင်းရင်း အမျိုးမျိုးကြောင့် ပြောင်းလဲနိုင်ပါတယ်။ အမျိုးသမီးဟာ ပထမဆုံး ကိုယ်ဝန်ရှိရင် သူမရဲ့ ကို်ယ်ခန္ဓာဟာ ကလေးကို ကြိုဆိုဖို့အတွက် ရင်သားအပါအဝင် အခြား ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ ဒီအချိန်တွေမှာ သူမရဲ့ မရင့်ကျက်သေးတဲ့ ကင်ဆာဖြစ်နိုင်တဲ့ ရင်သားတစ်ရှူးတွေဟာ ကင်ဆာ ခံနိုင်တဲ့ တစ်ရှူးတွေ အဖြစ် ပြောင်းလဲသွားပါတယ်။ Estrogen ဟော်မုန်းပမာဏဟာ တိုးတက်လာပြီး မိခင်နို့ထွက်ဖို့အတွက် ရင်သားဟာလည်း ကြီးမားလာမှာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ တတိယသုံးလပတ် အတွင်းမှာ (မတော်တဆ ပျက်ကျသည်ဖြစ်စေ၊ တမင်ဖျက်ချသည် ဖြစ်စေ) ဆဲလ်တွေရဲ့ ပုံမှန် ဖြစ်ပေါ်မှုကို ရုတ်တရက် ပြောင်းလဲသွားစေပြီး ကင်ဆာ ပိုမို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိစဉ် ဒီဟော်မုန်း ပြောင်းလဲမှုတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ပိုင်းမှာ ရင်သားကင်ဆာ ဖြစ်နှုန်းကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ဒီသီအိုရီကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာကို ဖြစ်နိုင်ပါသလား။

လေ့လာမှုအတော်များများဟာ အမျိုးသမီးအနည်းငယ်ကိုသာ စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ဖျက်ချခြင်းတွေဟာ သူတို့ရဲ့ ကျန်းမာရေး အစီရင်ခံစာတွေအစား သူတို့ကိုယ်တိုင် ပြောခြင်းတွေကို အခြေခံထားကြပါတယ်။ ဒါ့ပြင် အချက်အလက်တွေကို ရင်သားကင်ဆာ ဖြစ်ပြီးချိန်မှာမှ ကောက်ထားတာကြောင့် အဖြေတွေဟာ ယုံကြည်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက ဒီသီအိုရီပေါ်မူတည်ပြီး ပိုမို ကောင်းမွန်တဲ့ လေ့လာမှုတွေကို ဒီဇိုင်းဆွဲထား ကြပါတယ်။ လေ့လာမှုအသစ်တွေဟာ အမျိုးသမီး အတော်များများကို စစ်တမ်းကောက်ယူထားပြီး ရင်သားကင်ဆာ မဖြစ်မီ ကောက်ယူထားတာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပြောတဲ့ အဖြေတွေအစား သူတို့ရဲ့ ကျန်းမာရေးစစ်ဆေးချက်တွေက အချက်အလက်တွေကို ယူထားတာကြောင့် ပိုမို ယုံကြည်ရတဲ့ ရလဒ်တွေကို ထုတ်ဖေါ်နိုင်ခဲ့ပါတယ်။ လေ့လာမှုအသစ်တွေက ကိုယ်ဝန်ပျက်ကျခြင်း၊ ဖျက်ချခြင်းနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်း ဆက်စပ်မှုတွေကို မရှိကြောင်းကို တူညီစွာ သက်သေပြခဲ့ကြပါတယ်။
၂၀၀၃ က အမေရိကန် ကင်ဆာလေ့လာမှု အစည်းအဝေးတစ်ခုမှာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်းတွေကို လေ့လာခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူ တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။ လူတွေနဲ့ တိရိစ္ဆာန်တွေမှာ လုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ကျွမ်းကျင်သူတွေဟာ ကိုယ်ဝန်ရှိခြင်းနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်း (ကိုယ်ဝန်ပျက်ကျခြင်း၊ ဖျက်ချခြင်း အပါအဝင်) ကို လေ့လာခဲ့ကြပါတယ်။ တွေ့ရှိချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
• ကိုယ်ဝန်ဖျက်ချခြင်းဟာ ရင်သားကင်ဆာ ဖြစ်နှုန်းကို တိုးမြင့်စေခြင်း မရှိပါဘူး။
• ကိုယ်ဝန်ပျက်ကျခြင်းဟာလည်း ရင်သားကင်ဆာ ဖြစ်နှုန်းကို တိုးမြင့်စေခြင်း မရှိပါဘူး။

အခုတော့ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ရင်သားကင်ဆာ ဆက်စပ်မှုအတွက် အမျိုးသမီးတွေကို ခြိမ်းခြောက်ခြင်း မရှိတော့ပါဘူး။ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို တိုးမြင့်စေတယ်လို့ သိထားတဲ့ အချက်တွေကတော့ အသက်ကြီးခြင်း၊ မိသားစုအတွင်း ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိခြင်း၊ ရာသီစလာချိန် စောခြင်း၊ သွေးဆုံးချိန်နောက်ကျခြင်း၊ ပထမကလေး မွေးတဲ့အသက် နောက်ကျခြင်းနဲ့ အခြားရင်သားအခြေအနေတွေပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly