“စပျစ်ကိုနေရာမရွေး၊ ရာသီဥတုမရွေးစိုက်လို့ရတယ်”

“စပျစ်ကိုနေရာမရွေး၊ ရာသီဥတုမရွေးစိုက်လို့ရတယ်”
အလယ်ကုန်းကျေးရွာအုပ်စု၊ ဆေးပုလဲကုန်းရွာမှ စပျစ်စိုက်ပျိုးရေးသမားကိုလှိုင်ထွန်းသည် ပျိုးပင်ထုတ်လုပ်ရောင်းချသူလည်း ဖြစ်သည်   (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

 

မျိုးကောင်း၊ သင့်လျော်သည့်နည်းပညာတို့ ရှိလျှင် စပျစ်သီးကို ပြည်တွင်းစျေးကွက်အတွက် လုံလောက်စွာထုတ်နိုင်မည်

မြန်မာနိုင်ငံတွင် စပျစ်သီးအများဆုံးထွက်သည့်နေရာမှာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဖြစ်သည်။ရမည်းသင်းတွင် ဧကရာထောင်ချီစိုက်ပြီး ထွက်လာသော စပျစ်ကို မြို့အများအပြားသို့ တင်ပို့လျက်ရှိသည်။

ဆေးပုလဲကုန်းကျေးရွာမှ ကိုလှိုင်ထွန်းပြောပြသည့် စပျစ် ထုတ်လုပ်ရောင်းချမှု အခြေအနေများအကြောင်းကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။     ။ စပျစ်ကိုဘယ်ဒေသတွေမှာဘယ်လိုစိုက်ပျိုးနေကြသလဲ။

ဖြေ။     ။ အပူပိုင်းဒေသဆိုရင် စင်တင်စနစ်အစိုက်များပြီး တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသတွေမှာ ကြိုးတန်း၊ တိုင်ထောင်စနစ်ကို အစိုက်များပါတယ်။ ခေတ်နဲ့အညီတိုးတက်လာတဲ့ စိုက်နည်းစနစ်များထဲမှ စိုက်ပျိုးရလွယ်ကူပြီး အသီးအရည်အသွေးကိုတိုးတက်ကောင်းမွန်စေတဲ့စနစ်ကတော့ Y- Shape စနစ်ပေါ့။ စပျစ်ကရမည်းသင်းတစ်နေရာတည်းစိုက်လို့ရတယ်လို့ တချို့က နားလည်ထားတာ။ တကယ်က စပျစ်ကို နေရာမရွေး၊ရာသီဥတုမရွေးစိုက်လို့ရတယ်။ စပျစ်ကတော့ စွပ်စိုမှုများတာကို ကြောက်တယ်။ စွတ်စိုမှုများရင် ရောဂါကျလွယ်တယ်။ အဲဒီတော့ သီးကိုင်းဖြတ်ပြီး အဖူးထွက်တဲ့အချိန်မှာ ဆေးဝါးနဲ့ကာကွယ်ရတာရှိတယ်။ ဒေသရာသီဥတုနဲ့ကိုက်ညီအောင် သီးကိုင်းကို အချိန်ရွေးပြီး ဖြတ်ပြီးတော့လည်း ကာကွယ်တယ်။

မေး။     ။ ဘယ်အမျိုးအစားတွေ အစိုက်များသလဲ။

ဖြေ။     ။ ရာသီဥတုနဲ့လည်း ကိုက်ညီ၊ စိုက်ပျိုးလို့လည်းအဆင်ပြေတဲ့ အီတလီ No.3 နဲ့ Black Queen တို့ကတော့ အစိုက်အများဆုံးမျိုးတွေပေါ့။ အဲဒီနောက်မှာမှ Red Globalပေါ့၊ အအေးပိုင်းဒေသမျိုးဆိုတော့ အပူပိုင်းမှာ တိုက်ရိုက်စိုက်ရင် အဆင်မပြေဘူး။ ရာသီဥတုခံနိုင်ရည်ရှိတဲ့ အောက်ခံပင်တွေ စိုက်တယ်။ ကိုင်းကူးပြီးစိုုက်တော့မှ အဆင်ပြေတယ်။ စျေးကွက်အကောင်းဆုံး အနေအထားမှာရှိတာ Red Global မျိုးပေါ့။ အခုလိုအသီးပေါတဲ့ ရာသီဆိုရင် တစ်ပိဿာကို ၃,ဝဝဝကနေ၃,၅ဝဝလောက်အထိရောင်းနေတယ်။ No.3 ဆိုရင် ၂,ဝဝဝ၊ ၂,၂ဝဝ။

မေး။      ။ ဘယ်အချိန်ထွက်သလဲ၊ ဘယ်တွေကိုပို့သလဲ။

ဖြေ။      ။ ဖေဖော်ဝါရီလလောက်ဆိုရင် စပြီးတော့ ထွက်နေပြီ။  အများဆုံးထွက်တာကတော့ မတ်လဆန်းကနေ ဧပြီအထိ။ အဓိကတင်ပို့တဲ့ စျေးကွက်ကတော့ ရန်ကုန်ပေါ့။ တခြားနေရာတွေကတော့ နေပြည်တော်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မကွေး၊ ပခုက္ကူ၊ မန္တလေး၊ မြစ်ကြီးနား၊ ရှမ်းပြည်တို့ စသဖြင့်ပေါ့။ ပွဲရုံတိုက်ရိုက်ပို့တာရှိသလို ကြားပွဲစားကနေတဆင့် လာယူပြီးရောင်းကြတာတွေလည်း ရှိတာပေါ့။

မေး။      ။ စျေးကွက်ထဲဘယ်လိုဖြန့်သလဲ။

ဖြေ။      ။ လက်ရှိစျေးကွက်ကတော့ ပွဲစားတွေက ခြံထဲကိုလာဝယ်ပြီး ပြန်ရောင်းတာရှိတယ်။ ပွဲရုံကိုတိုက်ရိုက်ပို့တဲ့ စနစ်ရှိတယ်၊သုံးပိဿာခွဲ၊လေးပိဿာဝင် ပုံးလေးတွေနဲ့ ပို့တာပေါ့။ ပုတ်ပြတ်ရောင်းရတဲ့ အခြေအနေပေါ် မူတည်ပြီးပွဲရုံကို ၁ဝရာခိုင်နှုန်းဝန်ဆောင်ခပေးရတယ်။ ဝန်ဆောင်ခအပြင် သယ်ယူစားရိတ်နဲ့ ထုတ်ပိုးစားရိတ်တွေလည်း ခြံသမားတွေကကျခံရတယ်။ စားသုံးသူနဲ့ စိုက်ပျိုးသူကြားထဲက စျေးနှုန်းကွာခြားချက်က အရမ်းကိုမြင့်မားတယ်။ အနည်းဆုံးသုံးဆလောက်ကွာတယ်။ ကျွန်တော်တို့ကပွဲရုံကို ဝန်ဆောင်မှုအပြည့်နဲ့ပို့ပေးတယ် ဒါပေမဲ့ ပွဲရုံကနေ ပြန်ဖြန့်တဲ့အခါမှာစျေးအရမ်းမြင့်မားသွားတာပေါ့။

မေး။     ။ လက်ရှိပို့ဆောင်နေတဲ့ စနစ်ကအဆင်မပြေဘူးလို့ ပြောချင်တာလား။

ဖြေ။     ။  ခြံသမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတော့ အပြည့်အဝမရဘူးပေါ့။  ခြံသမားတွေက တစ်ပိဿာကို ၂,ဝဝဝစျေးလောက်ရမယ်ဆိုရင် စားသုံးသူက တစ်ပိဿာကို ၆,ဝဝဝနဲ့ ၈,ဝဝဝကြားပေးပြီး ဝယ်စားနေရတယ်။ ကြားထဲမှာ ပွဲရုံရှိမယ်၊ လက်ကားဖြန့်တာရှိမယ်၊ ဗန်းထိုးသည်ရှိမယ်။  ကျွန်တော်တို့ရဲ့ ရောင်းရတဲ့ ပမာဏအပေါ်မူတည်ပြီး ၁ဝရာခိုင်နှုန်း ပေးထားတယ်။ အရောက်ပို့စနစ်နဲ့ပို့ပေးတယ်။ ထုတ်ပိုးမှုတွေလည်း ခြံသမားတွေက တာဝန်ယူပေးထားတယ်။ ဒီလိုအခြေအနေမျိုးမှာ စားသုံးသူတွေ စျေးကြီးကြီးပေးပြီး ဝယ်စားနေရပြီးတော့ စိုက်ပျိုးသူတွေ စျေးနှိမ်ခံနေရတဲ့ အနေအထားကွာခြားချက်တွေ ရှိတာပေါ့။ ဒါကတော့ အခက်အခဲရှိတာပေါ့။

မေး။      ။ စိုက်ပျိုးသူရော စားသုံးသူပါ အဆင်ပြေဖို့ ဘယ်လိုစနစ်မျိုးနဲ့ အရောင်းအဝယ်လုပ်ရင်ရမလဲ။

ဖြေ။      ။ ဗန်းထိုးသည်တွေရှိတဲ့ စျေးတွေကို တိုက်ရိုက်ပို့မယ်ဆိုရင်တော့ ဗန်းထိုးသည်ကိုပဲ ဝန်ဆောင်ခပေးရတော့မှာပေါ့။ အဲဒီတော့ ပိုပြီးတော့ တွက်ခြေကိုက်နိုင်တာပေါ့။ အခုကတော့ ပွဲရုံကသွားတဲ့စနစ်ပေါ့။ အနည်းဆုံး ၃ ရက်နဲ့ ၅ ရက်လောက်ရှိမှ စားသုံးသူလက်ထဲကိုရောက်တာ။ တိုက်ရိုက်ပို့စနစ်ဆိုရင် အနည်းဆုံး ၂ ရက်နဲ့ ၃ ရက်လောက်ဆိုရင် စားသုံးသူ လက်ထဲကိုရောက်ပြီ။ စားသုံးသူလည်း လတ်လတ်ဆတ်ဆတ်စားရမယ်။ စိုက်ပျိုးသူလည်းတွက်ခြေပိုကိုက်လာနိုင်တာပေါ့။

မေး။      ။ အဲဒီလိုစနစ်လုပ်ဖိို့ စမ်းသပ်ဖူးလား။ လုပ်မယ်ဆိုရင် ဘာအခက်အခဲရှိနိုင်လဲ။

ဖြေ။      ။ နည်းနည်းတော့ ချိတ်ဆက်ပြီးတော့ စမ်းသပ်ဖူးတယ်။ အဆင်ပြေပါတယ်။ ဗန်းထိုးသည် လက်ထဲဆိုရင် ခေါက်ပြန်ပုံစံမျိုးနဲ့ အသီးကိုဖြန့်ပေးရမယ်၊ပိုက်ဆံတန်းမရဘူး။ သူတို့ရောင်းပြီး ၁ဝရက်၊ ၁၅ ရက်လောက်နေမှ ငွေလွှဲခိုင်းတယ််။အဟောင်းပေးအသစ်ယူ ပုံစံမျိုးနဲ့ ဖြန့်ပေးရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျွန်တော်တို့ကစျေးကွက်မယ် အထိုင်ဖြန့်ပေးမယ့် ရုံးပုံစံမျိုး၊ဌာနပုံစံမျိုးတစ်ခုရှိဖို့လိုအပ်တယ်။ သယ်ယူပို့ဆောင်ဖို့ ယာဉ်လိုအပ်တယ်။ သိရိမင်္ဂလာစျေးတစ်ခုတည်း ဦးတည်ပြီးတော့ ဒိုင်ခံဖြန့်နေတဲ့ အခါကျတော့ဝေးတဲ့ မြို့နယ်တွေဆိုရင် စားသုံးသူလက်ထဲရောက်တဲ့ အချိန်ကအရမ်းကို ကွာသွားတယ်။ ကျွန်တော်တို့က တစ်မြို့ပြီးတစ်မြို့ တိုက်ရိုက်လှည့််ပို့မယ်ဆိုရင် ခြံသမားတွေရော စားသုံးသူတွေရော အများကြီး တွက်ခြေကိုက်နိုင်တာပေါ့။

မေး။      ။ ထွက်တဲ့ စပျစ်ရဲ့ အရည်အသွေးပိုင်းမှာ ကျေနပ်မှု ရှိလား။

ဖြေ။      ။ အရည်အသွေးကောင်းမျိုးတွေ အားနည်းနေတယ်။ စျေးကွက်ချိတ်ဆက်မှုတွေ အားနည်းနေသေးတယ်။ ရမည်းသင်းမြို့နယ်ကနေ့စဉ် အနည်းဆုံးကုန်ချိန် ပိဿာသုံးသောင်းကျော်လောက် ထွက်တယ်။ ဒါတောင်မှ နိုင်ငံခြားကနေပြီးတော့ အသီးတွေ နေ့စဉ်တင်သွင်းနေရတယ်။ တောင်သူတွေ မျိုးကောင်းမျိုးသန့်တွေရမယ်၊ မျိုးကောင်းမျိုးသန့်တွေနဲ့ လိုက်လျောညီထွေစိုက်ပျိုးနိုင်မယ့် နည်းပညာတွေရမယ်ဆိုရင် နိုင််ငံခြားကနေ စပျစ်သီးကို တင်သွင်းစရာမလိုဘဲနဲ့ ပြည်တွင်းစျေးကွက်အတွက် အလုံအလောက်ထုတ်လုပ်နိုင်တဲ့ အနေအထားရလာမယ်။    ။

 

Mizzima Weekly