မလေးရှားတွင် စံချိန်တင်မူးယစ်ဆေးဖမ်းဆီးရမိမှု၏ ကွင်းဆက်တရားခံများ မြန်မာဘက်မှ ဖော်ထုတ်ဖမ်းဆီး

မလေးရှားတွင် စံချိန်တင်မူးယစ်ဆေးဖမ်းဆီးရမိမှု၏ ကွင်းဆက်တရားခံများ မြန်မာဘက်မှ ဖော်ထုတ်ဖမ်းဆီး

ဇွန် ၅ ။         ။ မြန်မာနိုင်ငံမှ တင်သွင်းလာသည့် စံချိန်တင် ပမာဏများပြားလှသော Crystal meth မူးယစ်ဆေးဝါးများကို မလေးရှားတွင် ဖမ်းဆီးနိုင်ခဲ့မှု၏ ကွင်းဆက်တရားခံများ   ဖော်ထုတ်ဖမ်းဆီးရမိကြောင်း ဇွန်လ ၅ ရက်တွင် မြန်မာနိုင်ငံသတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် သင်္ဘောကွန်တိန်နာတစ်ခုထဲတွင် လက်ဖက်ခြောက်ထုပ်များနှင့် ဖုံးဝှက်သယ်လာသည်ကို မေလ ၂၂ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မလေးရှားဘက်မှ မေလ ၂၈ ရက်က ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါမူးယစ်ဆေးဝါးများအမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ လူတစ်ဦးကို ဖမ်းဆီးရရှိမိပြီး ပို့ဆောင်ခိုင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရကာ စစ်ဆေးတွေ့ရှိချက်အရ  ဘဏ်တွင် ငွေစာရင်း ကျပ်သိန်း သုံးသောင်းနီးပါး ဖွင့်လှစ်ထားကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ခိုင်းသူမှာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ ရှော်ရိတ်အာမောက်၏ သား မောင်မောင် (ခ) Hj Yassin  (၄၄) နှစ်ဖြစ်ကြောင်း ၊ U Kaung Trading Co.Ltd မှ တာဝန်ယူပို့ဆောင်ပေး ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဇွန် ၂ ရက်နေ့တွင် ဆိပ်ကမ်းမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးခဲ့သည်။

ထို့နောက် ဇွန် ၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဆက်စပ်တရားခံ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံဟု ယူဆရသူ မောင်မောင် (ခ) Hj Yassin သည် မေလ ၃၀ ရက်နေ့ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ အဆိုပါယာဉ်အား ဇွန်လ ၃ ရက်နေ့ ညသန်းခေါင်တွင် တာမွေဂုံးကျော်တံတားအောက်၌ တွေ့ရှိသဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း ထပ်မံသိရှိရသည်။

ဖမ်းဆီးရမိသည့်သူ၏ ဖော်ထုတ်ပြောပြချက်အရ မောင်မောင် (ခ) Hj Yassin သည် မူးယစ်ဆေးဝါးများအား လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ 3I – 8917 Bongo Box ယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် သင်္ဘောတင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သံသယရှိသူ မောင်မောင် (ခ) Hj Yassin ၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၅၀) ခန့်ရှိ လက်ဝတ် ရတနာမျိုးစုံ (၁၉)မျိုး၊ YGN 5L-8088 TOYOTA LEXUS ယာဉ်အား ငွေကျပ်သိန်း (၁၀၉၀)ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း (၁)စောင်၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်စာအုပ်မူရင်း (၁)အုပ်၊ အာမခံပရီမီယမ် မှတ်တမ်းမူရင်းစာအုပ် (၁)အုပ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း(၈)စောင် တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။

ထို့အပြင် မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများမှ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီး တွင် ငွေစာရင်း ဖွင့်လှစ်ထားရှိမှုကို ဇွန်လ ၄ ရက်တွင် စုံစမ်းစစ်ဆေးခဲ့ရာ ပုဂ္ဂလိကဘဏ် (၂)ခုတွင် မောင်မောင် (ခ) Hj Yassin ငွေစာရင်းနှင့် ဆက်စပ်တရားခံ (၁)ဦးတို့ ငွေစာရင်း၌ ကျပ်သိန်းပေါင်း (၂၈၀၀၀) ကျော်နှင့် ATM ကတ် (၂)ခုတို့အား စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါငွေကြေးများကို ယာယီ ပိတ်သိမ်းထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူတရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

မလေးရှားဘက်မှ ထုတ်ပြန်ချက်အရ တန်ချိန်ပေါင်း  ၁ ဒသမ ၂ တန် နီးပါးရှိ မူးယစ်ဆေးဝါးများဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ရ၁ သန်း) ခန့်ရှိပြီး အလေးချိန် ၁,၁၈၇ ကီလို ရှိကာ စံချိန်တင် ပမာဏများပြားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယင်းမူးယစ်ဆေး ဖမ်းဆီးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား သုံးယောက်နှင့် မလေးရှားနိုင်ငံသား သုံးဦးတို့ကို မလေးရှားဘက်မှ ဖမ်းဆီးထားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly