ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး ပူးပေါင်းရှာဖွေဖော်ထုတ်သွားရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး ပူးပေါင်းရှာဖွေဖော်ထုတ်သွားရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
ဓာတ်ပုံ-Myanmar President Office

ဇွန်လ ၅ ၊ နေပြည်တော် ။          ။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တစ်ခါသုံးပလတ်စတစ်များ ထုတ်လုပ်သုံးစွဲမှုကို လျော့ချနိုင်ရန် အစိုးရများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ ပြည်သူအစုအဖွဲ့များနှင့် တစ်ဦးချင်းစီကို ပူးပေါင်းရှာဖွေဖော်ထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့ ဇွန်လ ၅ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အဖွင့်မိန့်ခွန်းတွင်  “ကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေက လက်ဆင့်ကမ်းပေးလိုက်တဲ့ အမွေအနှစ်ဖြစ်ပြီး ကျွန်တော်တို့ကပဲ အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းအမွေအနှစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံလူဦးရေ တိုးတက်လာတာနဲ့အမျှ နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို   ရေရှည်စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအမံများကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပေါင်းစပ်ဆောင်ရွက်ကြရမယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထိုကဲ့သို့ တခါသုံးပလတ်စတစ် အသုံးပြုမှုလျော့ချနိုင်ရေး၊ ပြန်လည်ပြုပြင် သုံးစွဲနိုင်သော ပစ္စည်းများကို ပိုမိုသုံးစွဲနိုင်ရေးကိုုိ တိုက်တွန်းပေးကြရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကို တားမြစ်နိုင်ရန်အတွက် လိုအပ်သော မူဝါဒများကို ပြောင်းလဲချမှတ်သွားရမည် ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သတ်ပြီး အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာလုပ်ငန်းစဉ်(၂၀၁၇-၂၀၃၀) ထိ ရေးဆွဲထားပြီး ထိုမဟာဗျူဟာလုပ်ငန်းစဉ်အစီအစဉ်သည် ယခု အခါတွင် နောက်ဆုံးအဆင့်ထိ ရောက်နေပြီဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောသည်။

“ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ NGO ၊ INGO၊ CSO တွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ ရှေ့သွားမယ့်အခါမှာ ပလတ်စတစ်အမှိုက်အပါအဝင်ပေါ့။ အမှိုုက်စွန့်ပစ်မှုဆိုင်ရာ နဲ့ပတ်သက်လို့ စီမံအုပ်ချုပ်မှုမဟာဗျူဟာကို ကျွန်တော်တို့ ဆွဲပြီးပြီ။ National Waste Management Strategy လို့ ခေါ်တာပေါ့” ဟု ဦးလှမောင်သိန်းက ပြောသည်။

အဆိုပါ မဟာဗျူဟာစီမံကိန်းကို အချက် ၆ ချက်ဖြင့် ရေးဆွဲထားပြီး စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်းဝန်ဆောင်မှု စနစ်ကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းများမှထွက်သော စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်စေရန် စီမံခန့်ခွဲမှုတိုးမြှင့်ခြင်း၊ နိုင်ငံတိုင်းတွင် သုံးစွဲနေသော 3R စနစ် Reduce(လျော့ချခြင်း) ၊ Reuse( ပြန်လည်သုံးစွဲခြင်း) ၊ Recycle ( ပြန်လည်ပြုပြင် သုံးစွဲခြင်း) ၊ အဆိုပါ စီမံခန့်ခွဲမှုများအတွက် ရန်ပုံထားရှိရန်၊ နည်းပညာအခက်အခဲများအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ကာ လေ့ကျင့်သင်ကြားခြင်း၊ အဆိုပါ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုကာ လိုက်နာဆောင်ရွက်စေဖို့အတွက် တွန်းအားပေးခြင်း စသည်တို့ ပါ၀င်သည်။

ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ်စတစ်အိတ် ၅၀၀ ဘီလီယံခန့်ကို အသုံးပြုလျက်ရှိပြီး ၎င်းတိို့ထဲမှ ၅၀ရာခိုင်နှုန်းသည် တစ်ခါသုံးပလတ်စတစ်အိတ်များ ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ ဆောင်ပုဒ်သည် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့ (Beat Plastic Pollution)ဖြစ်ပြီး ဆောင်ပုဒ်၏ ရည်ရွယ်ချက်သည် ပင်လယ်သမုဒ္ဒရာများထဲသို့ ပလတ် စတစ်များ စွန့်ပစ်မှုများလာခြင်းကြောင့် ပင်လယ်၊ သမုဒ္ဒရာများကို ညစ်ညမ်းစေကာ ၊ အဏ္ဏဝါသက်ရှိများ၏ အသက်ရှင်နေထိုင်မှု နှင့် လူသားများ၏ ကျန်းမာ ရေးကို ထိခိုက်စေနိုင်သည်ကို ဆိုလိုသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင်လည်း ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများ၊ ပလတ်စတစ်ဘူးများ၊ ပညာပေးပြကွက်များဖြင့် ထည့်သွင်း ပြသခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ကုလသမဂ္ဂမှ ဌာနေကိုယ်စားလှယ် နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ခေတ္တညှိနှိုင်းရေးမှူး Mrs.Janet Jackson နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required