မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသည်ဟု ကျော်ဇောအဆောက်အဦ (၈) လုံး ကို ရှင်းလင်း

မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသည်ဟု ကျော်ဇောအဆောက်အဦ (၈) လုံး ကို ရှင်းလင်း
ဓာတ်ပုံ ချစ်သဲဦး(facebook account)

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းနား ၁၉ လမ်း နှင့် ၂၂ ကြားရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသည်ဟု ကျော်ဇောနေသော အဆောက်အဦ (၈) လုံး ကို ရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် ရှင်းလင်းမှုများပြုလုပ်ခဲ့သည် ။

"မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်လို့ ကျော်ဇောလို့ပါ ။ တရားခံတော့ မမိဘူး ။ မူးယစ်ဆေးဝါး အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနည်းနည်းပဲတွေ့ရတယ်" ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

ထိုသို့ရှင်းလင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ပြီး အဖွဲ့များခွဲ၍ မူးယစ်ဆေးဝါးရောင်းဝယ်မှုပြုလုပ်၍ အသုံးပြုနေသည်ဟု   ကျော်ဇောနေသော နေအိမ်များမှ အလုံပိတ်အကာအရံများကို ဖယ်ရှားခြင်းဖြစ်သည် ။

ထိုသို့ ရှင်းလင်းခြင်းကို ဇွန်လ (၂) ရက်နေ့က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဇီးအုပ်ကျေးရွာ ကွက်သစ်နှင့် ကံကြီးကုန်းကျေးရွာ ကွက်သစ်အတွင်း စတင်ပြုလုပ်ခဲ့ရာ နေအိမ်အလုံး (၃၀) အထိ ရှင်းလင်းနိုင်ခဲ့ပြီး သုံးစွဲသူ (၇) ဦးသာဖမ်းဆီးရမိထားကာ ရောင်းဝယ်သူများကို ဖမ်းဆီးရမိခြင်းမရှိခဲ့ကြောင်း သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required