Along With The Gods 2 ထွက်ရှိမည့်ရက်ကို ကြေညာ

Along With The Gods 2 ထွက်ရှိမည့်ရက်ကို ကြေညာ

ရုံဝင်ငွေအများအပြားရရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သည့် တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကား Along With the Gods ၏ ဒုတိယမြောက်ရုပ်ရှင်ဖြစ်သော Along With The Gods 2 ထွက်ရှိမည့် ရက်စွဲနှင့် ရုပ်ရှင်ပိုစတာကို တာဝန်ရှိသူများက မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။

Along With the Gods: The Last 49 Days ဟုအမည်ပေးထားသော ဒုတိယမြောက်ဇာတ်ကားကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်ပြီးရုံတင်ပြသသွားမည်ဟု ရုပ်ရှင်ကုမ္ပဏီက ကြေညာခဲ့ပြီး ပထမဇာတ်ကားမှ အဓိကဇာတ်ဆောင်များဖြစ်ခဲ့သော ဂျူးဂျီဟွန်း၊ ဟာဂျန်ဝူးနှင့် ကင်မ်ဟွမ်ဂီတို့ ပြန်လည်ပါ၀င်သွားမည်ဖြစ်သည်။

ဒါ့အပြင် အခြားရုပ်ရှင်ကြယ်ပွင့်များဖြစ်ကြသော မာဒေါင်ဆို့ခ်နှင့် ကင်မ်ဒေါင်ဝတ်ခ်တို့လည်း ပါ၀င်မည်ဖြစ်ပြီး လီဂျန်ဂျေးကိုလည်း အထူးသရုပ်ဆောင်အဖြစ် တွေ့မြင်ရမည်ဟု သိရသည်။

ပထမဦးဆုံးဇာတ်ကားဖြစ်သော Along With the Gods: Two Worlds သည် ရုံဝင်ငွေအများအပြားရရှိခဲ့သလို ပြည်တွင်း၌ လာရောက်ကြည့်ရှုသူ ၁၄.၄ သန်းဖြင့် ကြည့်ရှုမှုစံချိန်လည်းတင်ခဲ့သည်။ ယင်းဇာတ်ကားသည် တောင်ကိုရီးယားနိုင်ငံ၌သာမက ထိုင်ဝမ်၊ ဟောင်ကောင်၊ သြစတြေးလျ၊ စင်္ကာပူ၊ ဗီယက်နမ် နှင့် မြောက်အမေရိကတို့တွင်လည်း အောင်မြင်ခဲ့သည်။

ပထမဇာတ်ကား၌ သေဆုံးသူများကို နောက်ဘဝတွင် လူပြန်လည်ဝင်စားရန်အတွက် လမ်းပြပေးခဲ့ကြသည့် တမန်တော် ၃ ဦးသည် ၄၉ ဦးမြောက်ကို အောင်မြင်စွာ လမ်းပြပေးနိုင်ပြီးသည့်နောက်တွင် နှစ်တစ်ထောင်ခန့် က သူတို့၏မှတ်ဉာဏ်များ ပြန်လည်ရရှိလာပုံကို ဒုတိယဇာတ်ကား၌ ဇာတ်အိမ်တည်ထားမည်ဟု သိရသည်။

ဒါ့အပြင် Train to Busan ဇာတ်ကားဖြင့် ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့သော မင်းသား မာဒေါင်ဆို့ခ်ကို ပထမဇာတ်ကား၏ အဆုံး၌မြင်တွေ့ခဲ့ရသည့်အတွက် ဒုတိယဇာတ်ကားတွင်ပါ၀င်မည့် သူ၏အခန်းကဏ္ဍကိုလည်း ပရိသတ်များက စိတ်ဝင်စားစွာ မျှော်လင့်စောင်းဆိုင်းလျက်ရှိသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly