ကချင်ပြည်နယ် အစုုိးရ ပဋိပက္ခ ညှှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် ကေအိုင်အိုတုုိ့ စက်တင်ဘာလ ပထမပတ်တွင် လက်ရှိ တိုုက်ပွဲနှင့် ပတ်သက် ၍ဆွေးနွေးမည်

ကချင်ပြည်နယ် အစုုိးရ ပဋိပက္ခ ညှှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် ကေအိုင်အိုတုုိ့ စက်တင်ဘာလ ပထမပတ်တွင် လက်ရှိ တိုုက်ပွဲနှင့် ပတ်သက် ၍ဆွေးနွေးမည်

ချင်းမိုင်၊ သြဂုတ် ၃၁ ။          ။ ကချင်ပြည်နယ် အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ လာမည့် စက်တင်ဘာလ ပထမပတ်တွင် လက်ရှိ တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခွန်းအောင်က ပြောသည်။

ပြည်နယ်အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင်အပြောင်းအလဲ လုပ်ပြီးနောက် ပထမဆုံးအ ကြိမ် ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

“ကေအိုင်အိုဘက်က ကမ်းလှမ်းတုန်းကလည်း အစိုးရဘက်က အဆင်သင့်မဖြစ်လို့ မတွေ့ဖြစ်ဘူး။ အခုက ကေအိုင်အိုဘက် အဆင်သင့်ပြန်မဖြစ်တော့ စက်တင်ဘာလ ပထမပတ်မှာ ပြန်တွေ့ဖို့ စာပြန်လိုက်တယ်။ ပထမ ပတ်မှာ ဘယ်ရက်ဆိုတာ မသတ်မှတ်သေးဘူး” ဟု PCG မှ ဦးခွန်းအောင်က မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၂၈ ရက်က နှစ်ဘက်ပြန်လည် တွေ့ဆုံရန် အစိုးရဘက်က အကြောင်းပြန်လာသော်လည်း KIO ဘက်မှ လူမစုံသဖြင့် လာမည့် စက်တင်ဘာလ ပထမအပတ်တွင် တွေ့ဆုံရန် ပြန်လည် အကြောင်းကြားလိုက် သည်ဟု ၎င်းက ပြောသည်။

“ အဓိကတော့ အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ အခု ဒီဘက်မှဖြစ်နေတဲ့ ပဋိပက္ခတွေပဲ ဆွေးနွေးကြမှာ ပါ။ ဆွမ်ပရာဘွမ်ဘက်မှာလည်း အစိုးရစစ်တပ်ဘက်က ကေအိုင်အိုတပ်ရှိတဲ့ ဘက်ကို လက်နက်ကြီးနဲ့ လှမ်းလှမ်း ပစ်နေတယ်ဆိုတာတော့ ကြားနေရတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ခေါင်းဆောင် ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်သည် ဇူလိုင်လ ၁၅ ၇က်တွင် နုတ်ထွက်သွားသဖြင့် ၎င်း၏ နေရာတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး သူရ မျိုးတင်က ပြန်လည်တာဝန်ယူလိုက်သည်ဟု ၎င်းက ပြောသည်။

အစိုးရစစ်တပ်နှင့် KIO တပ်တို့အကြား ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာ သဖြင့် နှစ်ဘက် ပြန်လည်တွေ့ဆုံ ဆွေးနွေးကြရန် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက KIO ဘက်မှ အစိုးရ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ထံသို့ ကမ်းလှမ်းခဲ့သော်လည်း အစိုးရဘက်မှ အဆင်သင့် မဖြစ်သဖြင့် ၄ လကျော်ကြာ တွေ့ဆုံ ဆွေးနွေးမှု ရပ်ဆိုင်းသွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က နောက်ဆုံးတွေ့ဆုံစဉ် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နှင့် တပ်ရင်း ၁၄ တနိုင်းဒေသတို့တွင် စစ်ဖြစ်ပွားရာ မြေပြင်သို့ သွားရောက်၍ စစ်ဆေးရန် သဘောတူခဲ့သော်လည်း အစိုးရဘက်မှ ပျက်ကွက်ခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) နှင့် KIO တို့အကြား သဘောတူညီခဲ့သည့် “ ပူတွဲစောင့်ကြည့်ရေး ကြီးကြပ်ရေး ယန္တရား” ပထမအဆင့်ကို အကောင်အထည်ဖော်ခြင်းအဖြစ် တစ်ဘက်စီတွင် ၅ ဦးစီ ပါဝင်ဖွဲ့စည်းကာ အစိုးရဘက်မှ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ KIO ဘက်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (NCA)တွင် KIO အပါအဝင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ အပါအဝင် အခြား အဖွဲ့ ၄ ဖွဲ့မှ ကိုယ်စားလှယ် ၅ ဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မှ ခေါင်းဆောင် ၃ ဦး စုစုပေါင်း ထိပ်သီးခေါင်းဆောင် ၈ ဦးသည် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly