ယူပီဒဗ္ဗလျူစီ ဒုုဥက္ကဋ္ဌနှင့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အချို့ မဲဆောက်တွင်ဆွေးနွေး

ယူပီဒဗ္ဗလျူစီ ဒုုဥက္ကဋ္ဌနှင့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အချို့ မဲဆောက်တွင်ဆွေးနွေး

ချင်းမိုင်၊ သြဂုတ် ၃၁ ။          ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် သြဂုတ်လ ၃၀ ရက်က တစ်နာရီခန့် ကြာတွေ့ဆုံဆွေးနွေးခဲ့သည်။

“ဦးအောင်မင်းက လမ်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရင်းနဲ့ လက်ရှိ အခြေအနေကို လာရှင်းပြတယ်။ ပြီးတော့ တယောက်ချင်း အင်န်စီအေကိစ္စ တင်ပြတယ်။ ဦးအောင်မင်းအနေနဲ့ အစိုးရ လက်ထက် မှာရွေးကောက်ပွဲ အကျော်မှာ အားလုံးပါဝင် လက်မှတ်ထိုးသွားဖို့၊ အစိုးရလက်ခံတဲ့ အဖွဲ့တွေပေါ့နော်။ အစိုးရ လက်မခံတဲ့ အဖွဲ့တွေ ကို အစိုးရရဲ့ထားရှိတဲ့ ပေါ်လစီတွေ ရှင်းပြတယ်” ဟု RCSS မှပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

NCA အတွက် လက်မှတ်ရေးထိုးမှုတွင် မပါဝင်သေးသော WNO၊ ANC ၊ AA တို့ကိုလည်း စစ်ရေးအရ တိုက်ခိုက်ခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ခွင့်ပြုမည်ဟူ၍ ဝန်ကြီး ဦးအောင်မင်းကပြော ဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

ရှမ်းပြည်ပြန်လည်ထူးထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင့်အကျိုးပြုတပ်မတော်(DKBA )၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ (PNLO) ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“နောက်ဆုံး သူတို့(အစိုးရ)ရဲ့ ရပ်တည်ချက်တွေ လာပြောပြတာပါ။ သူတို့က ခေါင်းဆောင် ၅ ဦး လာမယ် ဆိုတဲ့ကိစ္စ ကြိုဆိုတယ်ပေါ့။ လက်မှတ်ထိုးမယ်။ မထိုးဘူးဖြစ်စေပေါ့။ SSR-DDR တို့နဲ့ ပတ်သက် လို့ရှိရင်လည်း သူတို့သဘောထားတွေ သူများတွေ အထင်အမြင်မှားနေတာတွေ မဟုတ်ဘူးဆိုတဲ့ အကြောင်းတွေ လာပြောတယ်။ သူတို့က နဂိုပြောတဲ့ ၁၅ ဖွဲ့ကိုဘဲ ပြောတယ်။ ဒါပေမဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ သွားတဲ့အခါ သူတို့ပြန်ညှိနှိုင်းတဲ့ အပေါ်မှာ လက်ခံ ဆောင်ရွက်သွားမယ် ဆိုတာပါပဲ”  ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့သည် မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းအတွက် ကျပ်သိန်း ၃၀ ကို လှူဒါန်း ခဲ့သည်ဟု ဒေါက်တာ စင်သီယာမောင် က ပြောသည်။

“ သူတို့တံတားဖွင့်ပွဲ လာရင်းနဲ့လာတာ။ ကျွန်မတို့က ပညာရေးလုပ်ငန်းတွေမှာ သုံးဖို့ ပြန်လှူလိုက်တယ်၊ အလှူငွေကတော့ လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် ဖြစ်ဖို့ပါပဲ” ဟု ၎င်းက ပြောသည်။
သြဂုတ်လ ၃၀ ရက်က မြဝတီလမ်းဖွင့်လှစ်ပွဲသို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များ လာရောက်စဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နောက်ဆုံး သမ္မတနဲ့ ဆွေးနွေးခဲ့တာတွေ ရှင်းပြပါတယ်။ နောက်ပြီး တော့ တိုင်းရင်းသားတွေဘက်က မရှင်းလင်းတဲ့ အင်န်စီအေ ထိုးတဲ့အခါ ဘာတွေလိုအပ်တယ် ဆိုတာတွေ။ အင်န်စီအေ ထိုးတဲ့အခါ မပါဝင်တဲ့ ကိစ္စကိုလည်း တိုင်းရင်းသားတွေဘက်က ဆွေးနွေးပါတယ်” ဟု MPC အဖွဲ့ဝင် ဦးညိုအုန်းမြင့်က ပြောသည်။

NCA တွင် အားလုံး ပါဝင်လက်မှတ်ရေးထိုးရန် လာမည့် စက်တင်ဘာလ ၉  ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ငါးဖွဲ့မှ ထိပ်သီးခေါင်းဆောင် ၈ ဦး နေပြည်တော်သို့ သွားရောက်ဆွေးနွေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly