ရိုက်တာသတင်းထောက်အမှုတွင် နည်းပညာကျွမ်းကျင်သူမှာ ကိုဝလုံး၏ ဖုန်း Password အား လေးကြိမ်ထိ ဖွင့်ခဲ့ရဟုဆို

ရိုက်တာသတင်းထောက်အမှုတွင် နည်းပညာကျွမ်းကျင်သူမှာ ကိုဝလုံး၏ ဖုန်း Password အား လေးကြိမ်ထိ ဖွင့်ခဲ့ရဟုဆို

  ဇွန်လ၊ ၄ ။          ။ ရိုက်တာသတင်းထောက်အမှုတွင် နည်းပညာကျွမ်းကျင်သူ လိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် ရဲမှူးအောင် ကျော်ဆန်းမှာ ဂဏန်းလေးလုံးဖြင့် လော့ခတ်ထားသည့် သတင်းထောက်ကိုဝလုံး ဖုန်းအား လေးကြိမ်ထိ ဖွင့်ခဲ့ ရကြောင်း ရိုက်တာသတင်းထောက်များဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

နည်းပညာကျွမ်းကျင်သူ လိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုနေသည့် နေပြည်တော်နည်းပညာ မှုခင်း ဌာန၊ ရဲမှုခင်းတပ်ဖွဲ့မှ ရဲမှူးအောင်ကျော်ဆန်းဆိုသူကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေ သည်မှာ ယနေ့ ဇွန်လ ၄ ရက်နေ့ ရုံးချိန်းထိ၊ စုစုပေါင်း ရုံးချိန်း ၅ ချိန်းကြာစစ်ဆေးခဲ့ပြီဖြစ်သည်။

“ ဒီနေ့ ရုံးတော်မှာတင် မိုလ်ဘိုင်းဖုန်းကို ဖွင့်တဲ့အခါမှာ အကြိမ်ကြိမ် လေးကြိမ်လောက်ထိ သူဖွင့်ရတယ်။ ဖွင့်ပြီးတော့ Password ကို နှိပ်တယ်။ နှိပ်ပြီးတော့ Enter တို့ Search တို့ဟာမျိုးကို ဆက်မနှိပ်ဘဲနဲ့ လွယ် လွယ်ကူကူပဲ “ဟာ Password ပြောင်းသွားပြီ”ဆိုပြီးတော့ သူရုံးမှာတင်ပြတယ်။ ကျွန်တော်တို့က ထပ်ပြီးတော့ လျှောက်ထားလိုက်တဲ့အခါမှာဒီ Password အတိုင်းပဲ နှစ်ခါထပ်နှိပ်တယ် မပွင့်ပြန်ဘူး။ ဒီတော့ ကျွန်တော်က တရားခံ ကိုဝလုံး သို့မဟုတ် ကျွန်တော်ကိုယ်တိုင်ဖွင့်မယ်ဆိုတော့မှ ဒီဟာက ပွင့်သွားတယ်။ အဲ့ဒီမှာ သူက “မျက်စိမကောင်းဘူး” လို့ အကြောင်းပြချက်ပေးတယ်။ ပထမအကြိမ်ဖွင့်တာကလည်း မျက်မှန်နဲ့ ပဲဖွင့်တာပါပဲ ” ဟု ဦးသန်းဇော်အောင်က ပြောသည်။

ယနေ့ ဇွန်လ ၄ ရက်နေ့ ရုံးချိန်းတွင် တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ လက်ကိုင်ဖုန်းများကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ပြီးနောက်   နေပြည်တော်သို့ တောက်လျှောက် ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် နည်းပညာကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်း ပြောကြားချက်တွင် အဆိုပါ လက်ကိုင်ဖုန်းများကို ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ မနက် ၉ နာရီခွဲခန့်တွင်ရရှိခဲ့သည်ဟုဆိုသဖြင့် လက်ကိုင်ဖုန်းများ နေပြည်တော်သို့ ရောက်ရှိခဲ့သည့် အချိန်နှင့်ကြားတွင် ၃၆ နာရီခန့်ထိကွာဟနေကြောင်း တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ထို့ပြင် ရဲမှူးအောင်ကျော်ဆန်းက တရားရုံးတွင် ထိပ်တန်းလျှို့ဝှက်ဟုဆိုကာ သက်သေခံအဖြစ် တင်သွင်းခဲ့ သော ရိုက်တာသတင်းထောက်နှစ်ဦးဖုန်းမှ တွေ့ရှိခဲ့သည်ဟူသော အချက်အလက်အများစုမှာလည်း အများ ပြည်သူသိရှိထားပြီသော အချက်အလက်များဖြစ်ကြောင်း သိရသည်။

ရုံးတော်တွင် သက်သေခံအဖြစ် တင်သွင်းခဲ့သော အချက်အလက်များမှာ ဒုတိယသမ္မတခရီးစဉ် အကြောင်း အရာအချို့၊ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ လုံခြံုရေးအစီအမံကိစ္စ ၊ ဒုရဲမှူး ဦးမိုးရန်နိုင် ရဲအုပ်မှ ဒုရဲမှူးအဖြစ် ရာထူးတိုးခဲ့သော စာရွက်စာတမ်းများ၊ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များပါ အကြောင်းအရာအချို့ စသည့်တို့ကို ဓာတ်ပုံအဖြစ် ဖုန်းထဲတွင် တွေ့ရှိခဲ့ရသည့် အချက်အလက် များဖြစ်ကြောင်းသိရသည်။

“ သူကတော့ နည်းပညာကျွမ်းကျင်သူဆိုပြီးတော့ ဘယ်သင်တန်းတွေတက်ခဲ့တယ်။ ဘယ်အလုပ်ရုံဆွေးနွေး ပွဲတွေ ဘယ်လိုတက်ခဲ့တယ်ဆိုတာတွေကို ရုံးတော်မှာ အကြိမ်ကြိမ်ပြောခဲ့တာပဲ။ ဒီဟာတွေကို ထင်ရှားတဲ့ သက်သေအထောက်အထား ရုံးတော်ကို တင်ပြနိုင်ခြင်းလည်း မရှိဘူး။ ပြီးတော့ ပါးစပ်ပြောပဲရှိတယ်။ တကယ့် တကယ်က ရုံးမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ချက်အရပဲ။ ဒီဖုန်းလေးကို ဂဏန်းလေးလုံးနဲ့ ဖွင့်တဲ့ဟာတောင်မှ ၄၊ ၅ ခါလောက်ဖွင့်နေရတယ်ဆိုလို့ရှိရင် ဒီဟာသည် နည်းပညာကျွမ်းကျင်သူ တစ် ယောက်ဟုတ်၊ မဟုတ်ဆိုတာက ရုံးတော်က စဉ်းစားရမယ့်အချက်တစ်ခုလို့ ထင်ပါတယ်”ဟု ဦးသန်းဇော် အောင်က ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးအတိုင်း လမ်းလျှောက် လာစဉ် ရဲတပ်ဖွဲ့မှ စစ်ဆေးရှာဖွေခဲ့ရာ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက်သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရာကြီးအမှုအမှတ်- ၄/ ၂ဝ၁၈ ဖြင့် အမှုစွဲတင်စစ်ဆေးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး ရဲမှူးအောင်ကျော်ဆန်းကို လာမည့် ဇွန်လ ၅ ရက်နေ့တွင် ဆက်လက် စစ်ဆေးသွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required