တင်ဒါမခေါ်သည့် လျှပ်စစ်စီမံကိန်းလေးခု “လက်သင့်ရာ စားတော်ခေါ်တာ” ဟု ကြံ့ခိုင်ရေးအမတ် အပြင်းအထန် ဝေဖန်

တင်ဒါမခေါ်သည့် လျှပ်စစ်စီမံကိန်းလေးခု “လက်သင့်ရာ စားတော်ခေါ်တာ” ဟု ကြံ့ခိုင်ရေးအမတ် အပြင်းအထန် ဝေဖန်
LNG သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ကို အစိုးရနှင့်ကုမ္ပဏီများအကြား လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ- MOEE)

နေပြည်တော်(ဇွန်လ၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ တင်ဒါခေါ်ယူခြင်းမရှိဘဲ ယခုနှစ်ဆန်းပိုင်းတွင် စီမံကိန်းစတင်လုပ်ဆောင်ခွင့်(Notice to Proceed) ထုတ်ပေးခဲ့သော လျှပ်စစ်စီမံကိန်းလေးခုကို အစိုးရက “လက်သင့်ရာ စားတော်ခေါ်သွားတာ” ဟု  အတိုက်အခံအမတ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

တနင်္သာရီတိုင်း ကန်ပေါက်ဒေသ၊ ဧရာဝတီတိုင်း မီးလောင်ဂျိုင့်ဒေသ၊ ရန်ကုန်တိုင်း အလုံမြို့နယ်တို့တွင် အကောင်အထည်ဖော်မည့် သဘာဝဓာတ်ငွေ့ရည်(LNG)စီမံကိန်း သုံးခုနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဆောင်ရွက်မည့် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများနှင့်ပတ်သက်ပြီး မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ဦးမောင်မြင့်က ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“တန်ဖိုးအားဖြင့် ဒေါ်လာ ၅ဘီလီယံကျော် ရှိကြောင်းတွေ့ရပြီး မြန်မာနိုင်ငံမှာ အကြီးမားဆုံး စီမံကိန်းကြီး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက လုပ်ငန်းတွေ လုပ်မယ်ဆိုရင် တင်ဒါခေါ်ယူဖို့အတွက် ညွှန်ကြားချက် ၁/၂၀၁၇ ကို ထုတ်ပြန်ခဲ့ပေမယ့် တင်ဒါခေါ်ယူခြင်း မရှိဘူး” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးမောင်မြင့်က ဇွန်လ ၄ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ကန်ပေါက်တွင် လျှပ်စစ်မဂ္ဂါဝပ် ၁,၂၃၀ ထုတ်လုပ်မည့် LNG to Power စီမံကိန်းကို ပြင်သစ်ရေနံကုမ္ပဏီ Total နှင့် ဂျာမနီနိုင်ငံက Siemens ကုမ္ပဏီ၊ မီးလောင်ဂျိုင့်တွင် လျှပ်စစ်မဂ္ဂါဝပ် ၁,၃၉၀ ထုတ်လုပ်မည့် LNG to Power စီမံကိန်းကို တရုတ်နိုင်ငံက Zhefu Holding ကုမ္ပဏီနှင့် ပြည်တွင်းမှ Supreme Trading ကုမ္ပဏီနှင့် အလုံမြို့နယ်တွင် မဂ္ဂါဝပ် ၃၅၆ထုတ်လုပ်မည့်  LNG to Power စီမံကိန်းကို ထိုင်းနိုင်ငံမှ TTCL Public ကုမ္ပဏီတို့က အကောင်အထည်ဖော်ရန် ယခုနှစ် ဇန်နဝါရီ ၃၀ရက်တွင် အစိုးရက စီမံကိန်းစတင်လုပ်ဆောင်ခွင့်(Notice to Proceed) ထုတ်ပေးခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ် ၁၃၅ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို တရုတ်နိုင်ငံက Sinohydro Corporation နှင့် ပြည်တွင်းက Supreme Trading ကုမ္ပဏီတို့က အကောင်အထည်ဖော်ဆောင််ရွက်ရန် စီမံကိန်းစတင်လုပ်ဆောင်ခွင့်ကို အထက်ပါအတိုင်း ထုတ်ပေးထားပြီး ဖြစ်သည်။

တင်ဒါနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က စီးပွားရေးရာကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်(၉/၂၀၁၇)အရ နိုင်ငံတော်နှင့် တိုင်း၊ ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းနိုင်မှုအပေါ် မူတည်၍ တင်ဒါလုပ်ငန်းစဉ် မလိုအပ်ဘဲ စိစစ်ခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

မြန်မာ့ကမ်းလွန်တွင် ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို လက်ရှိ လည်ပတ်နေရာမှ ပြည်ပမှ သဘာဝဓာတ်ငွေ့ရည်(LNG)တင်သွင်းကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် အစိုးရက ကြိုးပမ်းခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းလေးခုမှ မဂ္ဂါဝပ် ၃,၁၀၀ တိုးတက်ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

လက်ရှိ နိုင်ငံတော်ဘတ်ဂျက်ဖြင့် တစ်နှစ်လျှင် မဂ္ဂါဝပ် ၁၀၀ဝန်းကျင်သာ ထုတ်လုပ်နိုင်ခြင်း၊ လာမည့် သုံးနှစ်အတွင်း ပြည်တွင်းမှ သဘာဝဓာတ်ငွေ့များ ကုန်သလောက် ဖြစ်လာနိုင်ခြင်းနှင့် တစ်နှစ်ထက်တစ်နှစ် လျှပ်စစ်ဓာတ်အားလိုအပ်ချက် များစွာ ရှိနေခြင်းတို့ကြောင့် LNG တင်သွင်းကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ကြိုးပမ်းရခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်တွင် ပြောသည်။

“အရင်မလုပ်ခဲ့လို့ လျှပ်စစ်ပြဿနာဟာ ကျွန်တောတို့လက်ထက်မှာ ဖြေရှင်းဖို့ ရောက်လာတဲ့အခါမှာ LNG မသုံးဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့လည်း ပြောပြီးသားပါ။ လွန်ခဲ့တဲ့ ၅နှစ်ဆိုရင်လည်း LNG မစဉ်းစားနိုင်ပါဘူး။ LNG ဈေးကြီးခဲ့ပါတယ်။ ခုအချိန်မှာတော့ ပွင့်ပွင့်လင်လင်း ပြောရမယ်ဆိုရင် နိုင်ငံခြားကဝယ်တဲ့ LNG နဲ့ တိုင်းပြည်မှာရှိတဲ့ သဘာဝဓာတ်ငွေ့ဈေး အတူတူလောက်ကို ရှိနေပါတယ်။ဒါကို ကြည့်ခြင်းအားဖြင့် LNG ဆိုတာ ကြောက်စရာလည်း မဟုတ်ပါဘူး” ဟု ဝန်ကြီးက ဆိုသည်။

အဆိုပါ စီမံကိန်းလေးခုအနက် စီမံကိန်းနှစ်ခုတွင် လုပ်ကိုင်ခွင့်ရသည့် ပြည်တွင်းကုမ္ပဏီမှာ ရာထူးမှ နှုတ်ထွက်သွားသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ အမျိုးသမီးနှင့် ဆက်စပ်မှုရှိသလို ဝန်ကြီးဦးဝင်းခိုင် ပိုင်ဆိုင်သည့် UE Myanmar ကုမ္ပဏီနှင့် ပူးပေါင်းထားခြင်းဖြစ်ကြောင်း ကြားသိနေရသည်ဟုလည်း စက်မှုဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က ပြောကြားခဲ့သည်။

“အခု ရတဲ့ ကုမ္ပဏီတွေထဲမှာ Supreme ဆိုတာ မြန်မာကုမ္ပဏီ၊ အဲဒီမှာ ဥက္ကဌ ဦးစိန်မြင့်ဆိုတာ ငါနဲ့လည်း သိတယ်။ လူချင်းခင်တာက ခင်တာတပိုင်းပဲ။ လုပ်လို့မရဘူး။ သူက နှစ်ခါရတယ်။ ဟိုမှာလည်း တခါရတယ်။ ပေါင်းရတာပေါ့။ အဲဒီ Supreme မှာ အခု ပြုတ်သွားတဲ့ ဦးကျော်ဝင်းရဲ့ မိန်းမ လုပ်တာ။ ဒါကြောင့်မိုလို့ ရတာ။ ဒါတည့်တည့် ပြောတာ။ အဲ့ဒီ Supreme နဲ့ အခု ဝန်ကြီးပို််င်တဲ့ UE တို့ နောက်ကွယ်မှာ ပေါင်းထားတယ်လို့ ပြောတယ်။ ဝန်ကြီးရဲ့ ဖြေကြားချက်ကို လုံးဝ မကျေနပ်ဘူး” ဟု ဦးမောင်မြင့်က လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် သတင်းထောက်များကို ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်တွင် တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ၏ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏသည် ၃,၃၀၀ မဂ္ဂါဝပ် ရှိပြီး နှစ်စဉ် ပျဉ်းမျှ ၁၅ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကာ ၂၀၂၀-၂၁ခုနှစ်တွင် လျှပ်စစ်မဂ္ဂါဝပ် ၆,၀၀၀ ခန့် လိုအပ်မည်ဟု လျှပ်စ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly