မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၁၈ ရာခိုင်နှုန်း တိုးတက်လာဟု ဆို

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၁၈ ရာခိုင်နှုန်း တိုးတက်လာဟု ဆို

ဇွန် ၄။        ။ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ မေလအထိ အမေရိကန်ဒေါ်လာ ၂၇၄၇ သန်း ရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း Mr. Pakainay Leng-EE (Minister Counselor (Commercial) DITP) က ပြောသည်။

“မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပြီးခဲ့တဲ့နှစ်ထက် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၄၂သန်း ရှိပါတယ်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို တင်သွင်းမှု အမေရိကန် ဒေါ်လာ ၉၅၀ သန်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၃-၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၆ဘီလီယံ၊ ၂၀၁၄-၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၇ဘီလီယံ၊ ၂၀၁၅-၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ၊ ၂၀၁၆-၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံနှင့် ၂၀၁၇-၁၈ မတ်လကုန်အထိ ၅ ဘီလီယံနီးပါး ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနစာရင်းများအရ သိရသည်။

အပြန်အလှန်တင်ပို့မှုအနေဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့၊ ရေထွက်ကုန်ပစ္စည်းများ၊ သတ္ထုနှင့် သတ္ထုရိုင်းများ၊ ပဲမျိုးစုံ နှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်းများ၊ ရေနံထွက်ကုန်များ၊ ပလတ်စတစ်ကုန်ကြမ်း၊ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှူး ချုပ် နော်မူတာကဖောက ပြောသည်။

"နောင်လာမယ့်နှစ်တွေမှာလည်း နှစ်နိုင်ငံကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုပမာဏများပြားလာအောင် ရင်းနှီးမြှပ်နှံမှု ပမာဏတွေ များလာအောင် ပူးပေါင်းဆောင်ရွက်သွားမယ်။ ကုန်စည်ပြပွဲများ မြန်မာနိုင်ငံမှာ လာရောက် ကျင်းပသလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ကုန်စည်ပြပွဲများကိုလည်း မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ၊ SME လုပ်ငန်းရှင် များ၊ လေ့လာသူများ သွားရောက်နိုင်အောင် ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် သံတမန် ဆက်ဆံရေး နှစ် ရ၀ ပြည့်ခဲ့သော မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၁၉၉၀ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို ချုပ် ဆိုခဲ့ကာ ၁၉၉၇ ခုနှစ်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လက်ရှိအချိန်ထိ ဆောင်ရွက်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly