ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး ရုပ်သံတိုတွင် အနုပညာရှင်များ ပါ၀င်ရိုက်ကူး

ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး ရုပ်သံတိုတွင် အနုပညာရှင်များ ပါ၀င်ရိုက်ကူး

 

ရန်ကုန်၊ ဇွန်လ ၄ ရက် ။               ။ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးရုပ်သံတိုတွင်  အနုပညာရှင်များ ပါ၀င်အားဖြည့်ရိုက်ကူး ထားကြောင်း သိရသည်။

သန့်မြန်မာမှ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် ဖန်တီးထားသော တစ်မိနစ်စာ ပညာပေးရုပ်သံဗီဒီယို ၅ ခုတွင် အကယ်ဒမီများရှင် ဆွေဇင်ထိုက်၊ တေးသံရှင် ဇွဲပြည့်၊ ဖက်ရှင်ဒီဇိုင်နာ မပုံ့၊ အလှဖန်တီးရှင် မကြီးစန်းနှင့် မော်လ်ဒယ်၊ သရုပ်ဆောင် မြနှင်းရည်လွင်တို့က ပါ၀င်သရုပ်ဆောင်ထားသည်။

အဆိုပါရုပ်သံဗီဒီယိုနှင့်ပတ်သက်၍ မီဒီယာများကို ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ပန်သူရိယပြခန်း၌ မိတ်ဆက်ပွဲတစ်ရပ် ပြုလုပ်ပေးခဲ့သည်။

ပလတ်စတစ်များသည် ပတ်ဝန်းကျင်ကိုသာမက လူသားများ၏ကျန်းမာရေးအတွက်လည်း ထိခိုက်စေနိုင် ကြောင်း ရုပ်သံဇာတ်လမ်းတိုမှတဆင့် အနုပညာရှင်များဖြင့် အသိပညာပေးရိုက်ကူးထားခြင်း ဖြစ်သည်။

"ကျွန်မတို့ရဲ့သက်တောင့်သက်သာဖြစ်မှုနဲ့ ကျွန်မတို့ရဲ့လောဘကြောင့် သဘာဝတရားကို ဒုက္ခရောက်စေတာ ဟာ ကျွန်မတို့သားသမီးများအပေါ်တာဝန်မကျေရာကျပါတယ်။ ရှက်ဖို့လည်းကောင်းပါတယ်။ ဒါကြောင့်မို့လို့ တတ်နိုင်သရွေ့ လုပ်သွားရမှာဖြစ်ပါတယ်" ဟု ဒေါ်ဆွေဇင်ထိုက်က ပြောသည်။

ဥရောပမှ စတင် ထုတ်လုပ်ခဲ့သောပလတ်စတစ်များအတွက် ညစ်ညမ်းမှုမဖြစ်စေရန် ကူညီပံ့ပိုးရခြင်း ဖြစ်သည် ဟု ယင်းပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို ပံ့ပိုးပေးထားသော ဥရောပသမဂ္ဂ (EU) မှ သံအမတ်ကြီး Mr. Kristian Schmidt က ဇွန်လ ၄ ရက်တွင် ပြောသည်။

"ရိုးရိုးသားသားပြောရရင် ပလတ်စတစ်ဆိုတာ ဥရောပနိုင်ငံတွေက တီထွင်ခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်ရာချီလောက် ကပေါ။့ အဲဒီအတွက်တီထွင်ခဲ့တဲ့ ကျွန်တော်တို့အနေနဲ့ တာဝန်ရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ပြဿနာတွေ ဖြစ်နေတာအတွက်ရော တာဝန်ရှိပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂအနေနဲ့ သူရဲ့တာဝန်ခံမှုအတွက် အလေးအနက်ထားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ပိုပြီးဆောင်ရွက်ဖို့လိုပါတယ်။ ၁၃ မီလီယံ လောက် ရှိတဲ့ အန္တရာယ်ရှိပလတ်စတစ်အမှိုက်တွေကို ပြန်အသုံးပြုနိုင်အောင်လုပ်နိုင်ဖို့အတွက်" ဟု Mr.Kristian Schmidt က ပြောသည်။

ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့အတွက် ရည်ရွယ်ပြီး အနုပညာရှင်များ ပါ၀င်အသိပညာပေးထားသော ပညာပေးရုပ်သံဗီဒီယိုကို ရုပ်သံလိုင်းများမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ပြသ လိုပါက သန့်မြန်မာသို့ ဆက်သွယ်တောင်းယူနိုင်ကြောင်း သိရသည်။

ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် ဇွန်လ ၂ ရက်နေ့က ပလတ်စတစ်ရေသန့်ဗူးနှင့်အိတ် များဖြင့် Wave of Pollution ဟု အမည်ပေးထားသည့် အနုပညာပြကွက်ကို တင်ဆက်ခဲ့ပြီး ဗိုလ်တစ်ထောင် ဆိပ်ကမ်းတွင် အမှိုက်များကို အခြားသော အဖွဲ့အစည်း များနှင့်အတူ စေတနာ့ဝန်ထမ်း ၃၀၀ ခန့်က ပါ၀င်ရှင်းလင်းခဲ့သေးသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်ခုဖြစ်သည့် ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် နဝမမြောက် အဆိုးဆုံးညစ်ညမ်းမှု စာရင်းဝင်နေပြီး အမှိုက်များက တစိတ်တစ်ပိုင်း ပါ၀င်နေသည်။ နေ့စဉ် မြန်မာနိုင်ငံ၏မြစ်ကြီးများအတွင်းသို့ ခန့်မှန်းခြေ အမှိုက်ကားကြီး အစီး ၁၀၀ နှင့် ညီမျှသည့်အမှိုက် သို့မဟုတ် အမှိုက်တန်ချိန် ၂၀၀ ခန့် သည် စီးဝင်နေပြီး ၄င်းတို့မှတစ်ဆင့် ကမ္ဘာ့သမုဒ္ဒရာများထဲသို့ ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required