ဒဏ်ရာက ပြန်ကောင်းလာပြီးနောက် ဘရာဇီးအသင်းအတွက် နေမာဂိုးသွင်းယူပေးနိုင်ခဲ့

ဒဏ်ရာက ပြန်ကောင်းလာပြီးနောက် ဘရာဇီးအသင်းအတွက် နေမာဂိုးသွင်းယူပေးနိုင်ခဲ့

 

ဇွန် ၄၊ လီဗာပူးလ်။                         ။ ခြေဖဝါးဒဏ်ရာမှပြန်လည်သက်သာလာသော နေမာသည် ကမ္ဘာ့ဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် အန်ဖီးလ်ကွင်းတွင် ခရိုအေးရှားနှင့်ကစားခဲ့သောခြေစမ်းပွဲ၌ ဘရာဇီးအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

အသက် ၂၆ နှစ်အရွယ် ပီအက်စ်ဂျီကြယ်ပွင့်ကစားသမားသည် ပွဲချိန်မိနစ် ၆၀ တွင် ခရိုအေးရှားဂိုးဧရိယာအတွင်း နောက်ခံလူများကိုလိမ်ခေါက်ပြီး အပြင်းကန်သွင်းကာ ဂိုးရယူခဲ့ခြင်းဖြစ်သည်။

ခရိုအေးရှားအသင်းက ပွဲချိန်ပထမပိုင်းတွင် ပိုမိုထိုးဖောက်ကစားနိုင်ခဲ့သော်လည်း သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိဘဲ ပွဲပြီးကာနီးတွင် လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုက ဘရာဇီးအသင်းအတွက် အနိုင်သေချာစေမည့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

မတ်လတွင် ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အသင်းဖြစ်လာသော ဘရာဇီးအသင်းသည် လာမည့်တနင်္ဂနွေတွင် သြစတြီးယားနှင့်ထပ်မံခြေစမ်းမည်ဖြစ်ပြီး ဇွန် ၁၇ တွင် အုပ်စု E အဖွင့်ပွဲအဖြစ် ဆွစ်ဇာလန်နှင့် ကစားရမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ပေါင်သန်း ၂၀၀ ဖြင့်ပြောင်းခဲ့သည့် နေမာသည် ဖေဖော်ဝါရီလအတွင်း ခြေဖဝါးရိုးကျိုးဒဏ်ရာရခဲ့ပြီး သုံးလကျော်အနားယူနေခဲ့ရရာမှာ ကမ္ဘာ့ဖလားမတိုင်မီ အချိန်မီပြန်ကောင်းလာခဲ့ခြင်းဖြစ်သည်။

နေမာသည် ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင်လည်း ကိုလံဘီယာကို ၂-၁ ဂိုးဖြင့်အနိုင်ရသည့် ကွာတားဖိုင်နယ်တွင် ကျောရိုးကျိုးခဲ့၍ ဘရာဇီးအသင်း၏နောက်ဆုံးပွဲနှင့်လွဲခဲ့ရသည်။ ၎င်းမပါသည့် ဆီမီးဖိုင်နယ်ပွဲတွင် ဘရာဇီးအသင်းသည် ဂျာမနီကို ရ-၁ ဂိုးဖြင့် ရှုံးခဲ့ရသည်။

ဘရာဇီးနှင့် ခရိုအေးရှားတို့ကစားသည့် ခြေစမ်းပွဲတွင် ပွဲချိန်နှောင်းပိုင်း၌ နှစ်သင်းစလုံးလူစားလဲမှုများစွာပြုလုပ်ခဲ့သဖြင့် ပွဲအရှိန်ကိုထိခိုက်ခဲ့သည်။

ပွဲအပြီးတွင် ဘရာဇီးနည်းပြ တိုက်က ဒဏ်ရာမှပြန်ကောင်းလာပြီးပြသခဲ့သည့် နေမာ၏ခြေစွမ်းကိုအံ့အားသင့်မိသည်ဟု ဝန်ခံ ပြောဆိုခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required