ရခိုင်အရေး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့မည့်အစိုးရ အစီအစဉ် ပြည်ခိုင်ဖြိုးကန့်ကွက်

ရခိုင်အရေး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့မည့်အစိုးရ အစီအစဉ် ပြည်ခိုင်ဖြိုးကန့်ကွက်
ဓာတ်ပုံ-EPA

ရန်ကုန် ၊ ဇွန် ၃  ။          ။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုကို ဖွဲ့စည်းသွားမည်ဟု အစိုးရက ကြေညာခဲ့ခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီက ကန့်ကွက်ခဲ့ကြောင်း စာထုတ်ပြန်ခဲ့သည်။

ရခိုင်အရေးကိစ္စများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို အစိုးရနှင့် တပ်မတော်မှ တရားဝင်စုံစမ်းစစ်ဆေးပြီး ဖြစ်သောကြောင့် ထပ်မံစစ်ဆေးဆောင်ရွက်ရန် မလိုအပ်ကြောင်း ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ခိုင်ဖြိုး၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ARSA (အာဆာ)အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ဆက်နွယ်သည့်ကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုအား ဖွဲ့စည်းသွားမည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံးက ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်နှင့် ပတ်သက်ပြီး ဆက်လက်အကောင်အထည်ဖော်မည်ဆိုပါက ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၌ ရှင်းလင်းအသိပေးရန် ပြည်ခိုင်ဖြိုးက တောင်းဆိုထားသည်။

နိုင်ငံတကာဘက်တွင်မူ မြန်မာအစိုးရအနေဖြင့် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းမည့်အပေါ် ကြိုဆိုကြောင်း ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဇွန်လ ၁ ရက်နေ့တွင် တွစ်တာ၌ ထောက်ခံရေးသားထားသည်။

အင်ဒို-ပစိဖိတ် မဟာဗျူဟာဆိုင်ရာ အာဆီယံဝန်ကြီးများ အစည်းအဝေးတစ်ရပ်တွင် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိုးရဘက်မှ မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်နှစ်ခုကို ကြိုဆိုကြောင်းလည်း  အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က ပြောဆိုခဲ့သည

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly