ရာအူးလ်ကတ်စ်ထရိုဦးဆောင်ပြီး ကျူးဘား၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ

ရာအူးလ်ကတ်စ်ထရိုဦးဆောင်ပြီး ကျူးဘား၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ

ဟာဗားနား၊ ဇွန် ၃ ။         ။ ကျူးဘားသမ္မတဟောင်းနှင့် အာဏာရ ကွန်မြူနစ်ပါတီ (ပီစီစီ)၏ ခေါင်းဆောင်ဟောင်းဖြစ်သူ အသက် ၈၆ နှစ် အရွယ်ရှိ ရာအူးလ်ကတ်စ်ထရိုသည် ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့် လူမှုရေးအပြောင်းအလဲများနှင့် ကိုက်ညီဖို့ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန်အတွက် စနေနေ့ကဖွဲ့စည်းခဲ့သည့် ကော်မရှင်တစ်ရပ်ကို ဦးဆောင်မည်ဖြစ်သည်။

လက်ရှိကျူးဘားသမ္မတ မီဂွယ်ဒိုင်ယက်ဇ်ကာနယ်သည် ကျူးဘားအမျိုးသားလွှတ်တော်အတွင်း၌ ယင်းသို့ ကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ နိုင်ငံရေးစနစ်ကိုမူ ပြောင်းလဲမည်မဟုတ်ကြောင်း သိရသည်။

ယင်းပြုပြင်ပြောင်းလဲရေးကော်မရှင်ကို နိုင်ငံ၏လူမှုကဏ္ဍအသီးသီးမှ မတူကွဲပြားသော လူများနှင့်ဖွဲ့စည်းထား ခြင်းဖြစ်သည်ဟု ဒိုင်ယက်ဇ်ကာနယ်က ဆိုခဲ့ပြီး ကတ်စ်ထရိုကမူ ယင်းကော်မရှင်အဖွဲ့ဝင်များနှင့် စနေနေ့ နေ့လည်က အစည်းအဝေးပွဲ ကျင်းပခဲ့သည်။

ပြီးခဲ့သောဧပြီလ ၁၉ ရက်နေ့က ကျူးဘားတော်လှန်ရေးခေါင်းဆောင်ကြီး ဖီဒယ်ကတ်စ်ထရို၏ ညီဖြစ်သူ ရာအူးလ်ကတ်စ်ထရို၏နေရာကို ဆက်ခံစဉ်တွင် ဒိုင်ယက်ဇ်ကာနယ်က ရာအူးလ်ကတ်စ်ထရိုအနေဖြင့် နိုင်ငံ၏ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် အရေးပါသော ဆုံးဖြတ်ချက်များကို တာဝန်ယူချမှတ်နေဦးမည်ဖြစ်ကြောင်း ကြေညာခဲ့ဖူးသည်။

အခြေခံဥပဒေပြုပြင်ပြောင်းလဲမှုကော်မရှင်ကို ရာအူးလ်ကတ်စထရိုကဦးဆောင်ပြီး အဖွဲ့ဝင် ၃၃ ဦးခန့် ပါ၀င်သည်။ ဒိုင်ယက်ဇ်ကာနယ်သည် ယင်းကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်ပြီး ကော်မရှင်အတွင်း၌ လူမှုကဏ္ဍ အသီးသီးကို ကိုယ်စားပြုသော မတူကွဲပြားသည့်အဝန်းအဝိုင်းမှ ကိုယ်စားလှယ်များပါ၀င်ကြောင်း ကြေညာခဲ့သည်။

ယင်းသို့ ပြုပြင်ပြောင်းလဲရေးကော်မရှင်ဖွဲ့စည်းခဲ့ခြင်းသည် ကျူးဘားနိုင်ငံအတွင်း အချိန်ကြာမြင့်စွာ မျှော်လင့် စောင့်ဆိုင်းခဲ့ရသော စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများအတွက်ဖြစ်ပြီး ပြီးခဲ့သော ဆယ်စုနှစ်တစ်စု ကာလအကြာခန့်က ရာအူးလ်ကတ်စ်ထရို သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကတည်းက ထူထောင်ရန် ကြံစည်ခဲ့ဖူးသည့် ကော်မရှင်တစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required