ကျောင်းကားသစ်များ ပြေးဆွဲခြင်းမှာ စျေးကွက် ဝင်လုခြင်းမဟုတ်ဟု ဒေါက်တာမောင်အောင်ပြော

ကျောင်းကားသစ်များ ပြေးဆွဲခြင်းမှာ စျေးကွက် ဝင်လုခြင်းမဟုတ်ဟု ဒေါက်တာမောင်အောင်ပြော
ဓာတ်ပုံ- သူရ/မဇ္ဈိမ

 

ရန်ကုန်၊ ဇွန်လ ၂ ။                     ။ ဇွန်လ ၁ ရက်နေ့မှစပြီး ရန်ကုန်အတွင်းရှိ ကျောင်းနှစ်ကျောင်းတွင် YRTA ၏ ကြီးကြပ်မှုဖြင့် ကျောင်းကား သစ် များဖြင့် ပြေးဆွဲလျက်ရှိရာ ထိုသို့ ပြေးဆွဲခြင်းမှာ ပုဂ္ဂလိကဖယ်ရီကျောင်းကားများအတွင်း စျေးကွက် ဝင်လုခြင်း မဟုတ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

“ကျွန်တော်တို့က သူတို့ရဲ့ စျေးကွက်ကို ဝင်ရောက်ပြီးတော့ လုတာမဟုတ်ပါဘူး။ အမှန်ပြောရင်တော့လေ။ အကြိမ်ကြိမ်တွေ့ဆုံမှုအရ ဒီကျောင်းတွေက လိုအပ်တယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့က ဒီကျောင်းတွေမှာ လာပြီးတော့ ကျွန်တော်တို့ ကျောင်းကားသစ်စနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ တခြားကျောင်းတွေမှာလည်း သူတို့မှာ ကျောင်းကားမလုံလောက်ပါဘူး။ သူတို့မှာလည်း အခက်အခဲရှိပါတယ်လို့ ပြောလာခဲ့မယ်ဆိုရင် ကျွန်တော်တို့မှာ ကျောင်းကားတွေအဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့အခု ပြင်ဆင်နေပြီးပေါ့နော်။ အမှန်ပြော ရင် အစီး ၁ဝဝ က အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ CCTV တပ်တယ်။ မီးသတ်ဆေးဘူး၊ ဆေးသတ္တာက အစပေါ့နော်။ ဒါတွေအကုန်လုံးပြည့်စုံပြီးဆိုရင် ကျွန်တော်တို့ လိုင်းထဲကို ဖြန့်မှာဖြစ်ပါတယ်။ ပြောချင်တာ ကတော့ အခက်အခဲရှိလို့ ကျောင်းအုပ်ကြီးတွေက တင်ပြမယ်ဆိုရင် ကျွန်တော်တို့ စီမံပေးသွား မှာဖြစ်ပါတယ်” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ကမာရွတ်မြို့နယ်နှင့် ရန်ကင်းမြို့နယ်အတွင်းရှိ (TTC) ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်းနှစ်ကျောင်းတွင် ဇွန်လ ၁ ရက်နေ့မှ စပြီး ကျောင်းကားသစ်စီးရေ ၆ဝ ဖြင့် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းကားသစ်များကို ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ကြီးကြပ်ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် Royal Golden Hand ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲနေခြင်းဖြစ်သည်။

ကျောင်းကားသစ်စနစ်အရ ကျောင်းကားများအားလုံး “ဃ” လုပ်ငန်းလိုင်စင် ရှိရမည်ဖြစ်ပြီး ခရီးသည် ၁ဝ ဦးနှင့် အထက် တင်ဆောင်နိုင်သည့် မီနီဘတ်စ်များ၊ စီးတီဘတ်စ်များ၊ မိုက်ခရိုဘတ်စ် (အံစာတုံး၊ စူပါကာစတန်) အမျိုးအစားများကိုသာ ကျောင်းကားအဖြစ်ပြေးဆွဲရမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိပြေးဆွဲနေသည့် ပုဂ္ဂလိက ဖယ်ရီကျောင်းကား အများစုမှာ ညာမောင်းဖြစ်နေသည့်အတွက် ၂ဝ၁၈ ခုနှစ် အတွင်းသာ ပြေးဆွဲခွင့်ပြုပေးသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် ခွင့်ပြုပေးမည်မဟုတ်ကြောင်း ဒေါက်တာ မောင်အောင် ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိက ဖယ်ရီကျောင်းကားများမှာ အစီးရေ ၂ဝဝ ကျော်ရှိပြီး မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်များ မရှိသည့် အတွက် ယခုနှစ်မှ စပြီး မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်များ ပြုလုပ်သွားရမည် ဖြစ်ကြောင်း သိရသည်။

“ဒါတွေက ဝန်ကြီးချုပ်ကိုယ်တိုင်ပြောထားပြီပေါ့နော်။ လာမယ့်နှစ်ဆိုရင်တော့ ခွင့်မပြုတော့ပါဘူး။ တကယ့်ကို က.ည.နက သတ်မှတ်ထားတဲ့ စည်းကမ်းချက် ၁၂ ချက်နဲ့ညီအောင် တဆင့်ပြောင်းဖို့ကို အသိပေးထား ပြီး လည်းဖြစ်ပါတယ်။ လာမယ့်နှစ်ဆိုရင်တော့ ဒီကျောင်းကားပြေးဆွဲတဲ့ စနစ်ကတော့ အဆင့်တစ်ခုကိုပြောင်း သွားမယ်လို့ ယုံကြည်ပါတယ်”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

စတင်ပြေးဆွဲနေသည့် ကျောင်းကားသစ်များတွင် ကျောင်းသားဦးရေ ၂၈ ယောက်ထိ လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပြီး ကျောင်းကားစီး နှုန်းထားများကိုလည်း မြို့နယ်အလိုက် အကွာအဝေးပေါ်မူတည်ပြီး သတ်မှတ်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။ ကျောင်းကားသစ်စနစ်တွင် ယာဉ်မယ်တစ်ဦးစီ ပါရှိပြီး ကလေးငယ်များ လုံခြံုစိတ်ချရေးအတွက် နည်းပညာပိုင်း များအပါအဝင် ခါးပတ်မှအစ ကျန်းမာရေးဝန်ဆောင်မှုများအတွက် ဆေးဝါးများအထိ စီစဉ်ပေးထားကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ်ပွားနေသော မြို့နယ် များရှိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်းတွင်   ကျောင်းကားသစ်စနစ်ဖြင့် ပြေးဆွဲပေးသွားရန် စီစဉ်ထား ခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းနှစ်ကျောင်းကို စတင်အကောင်အထည်ဖော် ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly