မီးဖိုချောင်မှ စတင်သည့် ဟားခါးမြို့ မီးလောင်မှု လူ ၃ ဦးသေဆုံး

မီးဖိုချောင်မှ စတင်သည့် ဟားခါးမြို့ မီးလောင်မှု လူ ၃ ဦးသေဆုံး
ဓာတ်ပုံ-ပြည်ထဲရေး

ရန်ကုန်၊ ဇွန် ၁ ။          ။ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မေလ ၃၁ ရက်နေ့မီးလောင်မှုကြောင့်  အမျိုးသမီး ၃ ဦးသေဆုံးသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဟားခါးမြို့၊ စျေးသစ် ရပ်ကွက်ရှိ နေအိမ်တစ်လုံး၏ မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းခဲ့ရာ သွပ်မိုး /ပျဉ်ကာ/ပျဉ်ခင်း နေအိမ် ၁ လုံး၊ သွပ်မိုး/ ပျဉ်ခင်း/ အုတ်ကာ ၂ လုံး၊ ၄ ခန်းတွဲ စျေးဆိုင်ခန်း ၁ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဇွန်လ ၁ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်ဝေကျဲမ်း (၉၀)နှစ်အပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့ပြင် ဒေါ်ခင်လေးစိန်(၄၇)နှစ်တွင် မျက်နှာ၊ လက်နှစ်ဖက် မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ပြည်ထဲရေးမှ ထုတ်ပြန်ထားသည်။

၂၀၁၈ခုနှစ်၊ မေလ ၃၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင်မီးစတင်လောင်ကာ ညနေ ၄ နာရီတွင် မီးငြိမ်းသတ် နိုင်ခဲ့ပြီး မီးငြိမ်းသတ်ချိန် ၂ နာရီခန့်ကြာမြင့်ခဲ့သည်။ ဆိုင်ခန်း ၄ ခန်း အပါအဝင် နေအိမ် ၂ လုံးပျက်စီးဆုံးရှုံးခဲ့သည့် အဆိုပါမီးလောင်မှုတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၈၀ ကျော်ရှိသည်ဟုလည်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်ဝေကျဲမ်း(သေဆုံး)အား ဟားခါးမြို့မရဲစခန်း(ပ)၂၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က/ ၃၃၇( မီးပေါ့ဆမှု၊ ပေါ့လျော့မှုကြောင့် လူသေမှု၊ ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required