သူပုန်များနှင့် တိုက်ခိုက်နေသည့် အိုင်အက်စ် စစ်သွေးကြွများ ဒမတ်စကပ်မြို့လယ်နှင့် နီးကပ်လာ

သူပုန်များနှင့် တိုက်ခိုက်နေသည့် အိုင်အက်စ် စစ်သွေးကြွများ ဒမတ်စကပ်မြို့လယ်နှင့် နီးကပ်လာ

ဒမတ်စကပ်၊ သြဂုတ် ၃၁ ။        ။ အိုင်အက်စ်စစ်သွေးကြွများသည် သြဂုတ် ၃၁က ဒမတ်စကပ်ရပ်ကွက် တစ်ခုတွင် ဆီးရီးယားသူပုန်များနှင့် တိုက်ခိုက်နေခဲ့ရာ ခါတိုင်းထက် မြို့တော်၏ ဗဟိုနှင့် ပိုမိုနီးကပ် လာခဲ့သည်ဟု စောင့်ကြည့်လေ့လာသည့် အဖွဲ့တစ်ခုက ပြောသည်။

အိုင်အက်စ်စစ်သွေးကြွများသည် သီတင်းပတ်အကုန်က လမ်းနှစ်ခုကို သိမ်းပိုက်ခဲ့ပြီးနောက် မြို့တော်၏ တောင်ပိုင်း ကာဒမ်ရပ်ကွက်၏ အစိတ်အပိုင်းဖြစ်သော အဆာလီတွင် အစ္စလာမ္မစ်သူပုန်များနှင့် လမ်းတိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။ " ဒါဟာ အိုင်အက်စ်စစ်သွေးကြွတွေ ဒမတ်စကပ်မြို့လယ်နဲ့ အနီးဆုံးရောက်လာတာပါ " ဟု ယင်းအဖွဲ့၏ အကြီးအကဲ ရာမီအက်ဘ်ဒဲလ်ရာမန်က ပြောသည်။

ဂျီဟတ်ဝါဒီများသည် ၂၀၁၄ခုနှစ်ကတည်းက အခြေစိုက်ထားပြီး တစ်ဆက်တည်းရှိနေသည့် အယ်လ်ဟေဂျာအယ်လ်အာဆွတ် ရပ်ကွက်မှ ရှေ့တိုးလာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ တိုက်ပွဲများဖြစ်ပွား မှုရှိခဲ့ခြင်းကို ဆီးရီးယားစစ်ဘက်အရာရှိတစ်ဦးက အတည်ပြုခဲ့ပြီး ယင်းသို့တိုက်ပွဲများဖြစ်ခြင်းအတွက် လွန်စွာကျေနပ်မိသည်ဟုလည်း ပြောကြားခဲ့သည်။

"ဒါပေမဲ့ အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေထဲ သူတို့ဝင်လာရင်တော့ ကျွန်တော်တို့ဘက်က တုံ့ပြန်ဖို့ အသင့်ရှိပါတယ်"ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့၏ ပြောကြားချက်အရ အတိုက်အခံတို့ ထိန်းချုပ်ထားသော ကာဒမ်သည် သူပုန်အဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များကြား လွန်ခဲ့သည့်တစ်နှစ်က စစ်ရပ်စဲပြီးကတည်းက ခါတိုင်းနှင့် စာလျင်ငြိမ် သက်နေသည်ဆိုသည်။ ၎င်းရပ်ကွက်တွင် သြဂုတ် ၃၀က တိုက်ခိုက်မှုများကြောင့် တိုက်ခိုက်ရေးသမား ၁၅ဦးသေဆုံးခဲ့သည်ဟု ယင်းအဖွဲ့ကပြောသည်။ သို့သော်လည်း မည်သည့်အဖွဲ့က ဘယ်နှစ်ဦးသေ ဆုံးခဲ့သည်နှင့် ပတ်သက်၍ တိတိကျကျမထုတ်ပြန်ခဲ့ပေ။

ပြင်းထန်သည့် လမ်းတိုက်ပွဲများကြောင့် အရပ်သားများမှာ ထွက်ပြေးခဲ့ရသည်ဟု အက်ဘ်ဒဲလ်ရာမန်က ပြောသည်။လွန်ခဲ့သည့်နှစ်က ဒမတ်စကပ်၏ ဆင်ခြေဖုန်း Eastern Gouta မှမောင်းထုတ်ခံရပြီး ကတည်းက အိုင်အက်စ်တို့သည် မြို့တော်ကို တိုက်ခိုက်ရန် အယ်လ်ဟာဂျာအယ်လ်အာဆွတ်ရပ်ကွက်ကို အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required