ပိုလန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် နာဇီခေတ်ရွှေရထားကို ရုရှကတောင်းဆိုလာနိုင်

ပိုလန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် နာဇီခေတ်ရွှေရထားကို ရုရှကတောင်းဆိုလာနိုင်

ဝါဆော၊ သြဂုတ်-၃၁ ။         ။ ကာလကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် နာဇီရထားတစ်စင်းထဲတွင် ရတနာများကို ရုရှက တောင်းဆိုလာနိုင်သည်ဟု Times of India သတင်းတစ်ရပ်တွင်ဖောပြထားသည်။

ဒုတိယကမ္ဘာစစ်အတွင်းက နိုင်ငံ၏ ဆုံးရှုံးမှုများအတွက် လျော်ကြေးအဖြစ် အဖိုးတန်ရတနာများကို ကရင်မလင်က တောင်းဆိုနိုင်ကြောင်း ရုရှရှေ့နေတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နာဇီရွှေရထားကို ပိုလန်နိုင်ငံတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နာဇီခေတ်အတွင်းက စွန့်ပစ်ထားခဲ့သည့် ရွှေအပြည့် ရထားတစ်စင်းမှာ အနီးပတ်ဝန်းကျင်တွင် လူမသိသူမသိ ရှိနေခဲ့သည်ဟူ သည့် ကောလာဟဠများမှာ ဝေါဘရစ်မြို့တစ်ဝိုက်တွင် နှစ်ပေါင်းများစွာကြာအောင် ပျံ့နှံ့လာနေခဲ့သည်။

နောက်ဆုံးတွင် သေအံ့မူးမူးဝန်ခံချက်တစ်ခုက နေရာအတိအကျကို ထောက်ပြခဲ့ပုံရသည်ဟု ဆိုသည်။ ယခုဆိုလျှင် နာဇီရွှေရထား အမှန်တကယ်ရှိနေကြောင်း ၉၉ရာခိုင်နှုန်းကျော် သေချာနေသည်ဟု အစိုးရအာဏာပိုင်များက ပြောကြားခဲ့သည်။

ရထားထဲတွင် စတာလင်ပေါင် သန်း၂၅၀တန်သည့် ပုလဲများဖြင့် ပြုလုပ်ထားသော ပယင်းရောင်အခန်းတစ်ခန်း ပါဝင်နေသည်ဟု ယူဆရပြီး ယင်းကို ဂျာမန်တပ်ဖွဲ့များက စစ်အတွင်း စိန့်ပီတာစဘာ့အနီးရှိ နန်းတော်တစ်ခုမှ ခိုးယူလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။  

ရထားနေရာအတိအကျကို သိရှိခဲ့၍ တွေ့ရှိရသည့် ရတနာပစ္စည်းများကို တန်ဖိုးဖြတ်ရာတွင် ရုရှကိုယ်စားလှယ်များ လုံး၀ ပါဝင်သင့်သည်ဟု ရုရှရှေ့နေ မစ်ခေး ဂျော့ဖီက စပွတ်နစ်သို့ ပြောကြားခဲ့သည်။

‘ဒီကိစ္စမှာ ကုန်စည်တွေက ဘာတွေလဲဆိုတာ ကွဲကွဲပြားပြားသိဖို့အတွက် ပိုလန်က နိုင်ငံတကာကျွမ်းကျင်သူတွေကို အကူအညီတောင်းဖို့ ဆုံးဖြတ်ထားတယ်။ ဒီပစ္စည်းတွေဟာ ဆိုဗီယက်ပြည်ထောင်စု အပါအဝင် နယ်မြေတွေက ယူဆောင်သွားခဲ့တာဆိုရင် နိုင်ငံတကာဥပဒေအရ ဒီကုန်စည်တွေကို ရုရှဘက်ကို လွှဲပေးရမှာပါ’’ဟု အဆိုပါရှေ့နေ မစ်ခေး ဂျော့ဖီက ထပ်လောင်းပြောကြားခဲ့သည်။

သို့ရာတွင် ပိုလန်အာဏာပိုင်များကမူ ယင်းပြောဆိုချက်ကို သဘောမတူပါ။ ‘ကျွန်တော်တို့ရဲ့ ရှေ့နေတွေနဲ့ ဝေဖန်သုံးသပ်မှုတွေအရ တကယ်လို့ ရှာတွေ့ခဲ့ရင် ရထားကို နိုင်ငံတော် ဘဏ္ဍာရေးဌာနက ပိုင်ဆိုင်တယ်ဆိုတာ ရှင်းလင်းပြတ်သားလွန်းလှပါတယ်’’ဟု ပိုလန် အမွေအနှစ်ထိန်းသိမ်းရေး ဒုဝန်ကြီး ပိုင်အော့ ဇူခေါစကီးက ဒေသတွင်းမီဒီယာသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required