ကျွန်တော့်ကိုယ် ကျွန်တော် အမိုက်ဆုံးဖြစ်အောင် ပြင်ဆင်ထားပြီးပြီ ဆိုတဲ့ အောင်လအန်ဆန်

ကျွန်တော့်ကိုယ် ကျွန်တော် အမိုက်ဆုံးဖြစ်အောင် ပြင်ဆင်ထားပြီးပြီ ဆိုတဲ့ အောင်လအန်ဆန်
ဓာတ်ပုံ-EPA
 

မေ ၃၁ ။         ။ လာမည့် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံကွင်းတွင် ကျင်းပမည့် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း၏ ချန်ပီယံကာကွယ်ပွဲအတွက် “ ကျွန်တော့်ကိုယ် ကျွန်တော် အမိုက်ဆုံးဖြစ်အောင်ပြင်ဆင်ထားပြီးပြီ” လို့ အောင်လအန်ဆန်က မေလ ၃၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။

“ အခုလာမယ့်ပွဲမှာ ကမ္ဘာ့အကောင်းဆုံးတစ်ယောက်နဲ့ ထိုးသတ်ရမှာဖြစ်တဲ့အပြင် ကျွန်တော်တို့တစ်ကြိမ် ပဲ ထိုးခွင့်ကြံုတာ ဖြစ်ပါတယ်။ ဒီပွဲအတွက် ကျွန်တော်ယုံကြည်တာက ကျွန်တော် ဒီပွဲမှာအပီအပြင် ထိုးကြိတ်နိုင် မယ်။ ဘာကြောင့်လဲဆို ကျွန်တော့်ကိုယ်ကျွန်တော် အမိုက်ဆုံး ဖြစ်အောင်ပြင်ဆင်ထားပြီးလို့ပဲ၊၊ ဒီတစ်ကြိမ် အိမ်အပြန်လမ်းမှာလည်း အနိုင်ယူပြီးအတူတူပျော်ကြရအောင်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ONE SPIRIT OF A WARRIOR” လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲမှာ  ဝမ်းမစ်ဒယ်ဝိတ်တန်းနှင့် ဝမ်းလိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုရထားသည့် အောင်လအန်ဆန်းအနေဖြင့် ဝမ်းမစ်ဒယ်ဝိတ်တန်း ခါးပတ်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းကို စိန်ခေါ်ခဲ့တဲ့ ဘရာဇီးကစားသမား လီအန်ဒရိုအတိုင်းဒီးစ်မှာ ဒဏ်ရာ ပြဿနာရှိနေ၍ ဂျပန်ဖိုက်တာ ကန်ဟက်ဆီဂါဝါနဲ့ အစားထိုးယှဉ်ပြိုင်ထိုးသတ်ရမှာလည်း ဖြစ်ပါတယ်။

“ ပရိသတ်တွေအရင်က သိထားတဲ့ Brazil ဖိုက်တာ လီယန်ဒရို နဲ့ ထိုးမယ့်အစီအစဉ်အပြောင်းအလဲနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ သူ့အနေနဲ့ လောလောဆယ်မှာ ဒဏ်ရာရထားတဲ့အခြေအနေကြောင့် မူလ အစီအစဉ်က အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော်နဲယှဉ်ပြိုင်ရမယ့် ဟစဲဂါ၀ါက ဂျပန်နိုင်ငံရဲ့ ချန်ပီယံ တစ်ယောက်ဖြစ်တဲ့အပြင် ၀ိတ်တန်းအမျိုးမျိုးလည်း ထိုးဖူးတဲ့သူတစ်ယောက်ပါ။ သူက ဂျပန်မှာ နံပတ်တစ် ဖိုက်တာအဖြစ် သတ်မှတ်ခံထားရတဲ့သူတစ်ယောက်လည်း ဖြစ်တယ်” လို့ ပြိုင်ဖက်နဲ့ ပတ်သက်ပြီး   အောင်လအန်ဆန်းက ပြောထားပါတယ်။

“အသက် ၃၁ နှစ်အရွယ်ရှိ ဂျပန်နိုင်ငံမှ ကန် ဟက်ဆီဂါဝါ ဟာ သိုင်းပေါင်းစုံကိုယ်ခံပညာရှင်တစ်ဦးဖြစ်ပြီး ဝမ်းချန်ပီယံရှစ်တွင် ပထမဆုံးအကြိမ် ပွဲဦးထွက်အနေဖြင့် ပါဝင်ယှဉ်ပြိုင်လာသူ ဖြစ်ကာ ပြိုင်ဘက် ၅ ဦးတွင် ၄ ဦးအား အလဲထိုးအနိုင်ယူနိုင်ခဲ့သူ ဖြစ်ပါတယ်” လို့  ဝမ်းချန်ပီယံရှစ်မှ  သတင်းထုတ်ပြန်ထားပါတယ်။

အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်းက မြန်မာနိုင်ငံတွင် ထိုးသတ်ခဲ့တဲ့ပွဲအားလုံးကို အနိုင်ရထားပြီး ၂၀၁၇ ခုနှစ် ဇွန်လက ဘစ်ဒက်ရှ် ကို အလဲထိုးကာ ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရယူထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွင်လည်း ဘရာဇီးမှ မာချားဒိုကို အနိုင်ရယူခဲ့ပြီး ဝမ်းလိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ရယူနိုင်ခဲ့တာကြောင့် ဘရာဇီးကစားသမား လီအန်ဒရိုအတိုင်းဒီးစ်က စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly