နိုင်ငံတော်ပုန်ကန်မှုဖြင့် အမှုဖွင့်ခံနေရသူ ဒေါက်တာအေးမောင်၏ လျှောက်လဲချက် ပယ်ချခံရ

နိုင်ငံတော်ပုန်ကန်မှုဖြင့် အမှုဖွင့်ခံနေရသူ ဒေါက်တာအေးမောင်၏ လျှောက်လဲချက် ပယ်ချခံရ
 မေလ ၂ ရက်နေ့က ဒေါက်တာ အေးမောင်အား ရုံးထုတ်လာစဉ်က (ဓာတ်ပုံ - RiA)

စစ်တွေ၊ မေ ၃၁ ရက်။             ။  နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆို စစ်ဆေးခံနေရသော အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ၎င်းရင်ဆိုင်နေရသော အမှုများကို ပယ်ဖျက်ပေးဖို့ တင်ပြသည့် လျှောက်လဲချက်ကို ပြည်နယ် တရားလွှတ်တော်က လက်မခံဟု ဆိုကာ ယနေ့ မေလ ၃၁ ရက်နေ့တွင် ပယ်ချလိုက်သည်။

 “ကျွန်တော်တို့က အမှုတွဲကို ပယ်ဖျက်ပေးဖို့အတွက် တင်ထားတယ်။ အဲဒီဟာကို ပယ်လိုက်တယ်။ မပယ်ဖျက်ဘူးပေါ့ (အမှုကို)။ ကျွန်တော််တို့က ဒါကို ပြန်သုံးသပ်ပြီးတော့ လိုအပ်လို့ရှိရင် အမှုသည်နဲ့ တိုင်ပင်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ကို တင်မှာဆိုရင် ဆက်တင်သွားမယ်။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ ဆက်လုပ်သွားမှာပဲ”ဟု ဒေါက်တာအေးမောင်၏ အကျိုးဆောင်ရှေ့နေ ဦးစံရွှေမောင်က စီရင်ချက်ချမှတ်၍ အပြီးတွင် မီဒီယာများသို့ ပြောသည်။

အဆိုပါ အမှုတွဲများကို ပယ်ဖျက်ပေးဖို့ လျှောက်လဲချက် တင်ထားခြင်းနှင့် ပတ်သက်၍ ပြည်နယ်တရား လွှတ်တော်က နှစ်ဖက်ရှေ့နေများကို မေလ ၃ ရက်နေ့က တစ်ကြိမ် ကြားနာစစ်ဆေးခဲ့ပြီး ယနေ့ မေလ ၃၁ ရက်နေ့ နံံနက်ပိုင်းက ထိုသို့ စီရင်ချက် ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

အမှုတွဲများကို ပယ်ချရန် လျှောက်လဲချက်ကို တရားလွှတ်တော်က လက်မခံသည့် အကြောင်းအရင်းနှင့် ပတ်သက်သည့် စီရင်ချက်ကိုမှု ဒေါက်တာ ဦးအေးမောင်၏ ရှေ့နေများက တစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်း မရှိသေးသလို တရားလွှတ်တော်ဖက်ကလည်း လက်ရှိအချိန်ထိ ဖြေကြားပေးခြင်း မရှိသေးပါ။

လျှောက်လဲချက်ကို ပယ်ချခြင်း ခံလိုက်ရသည့်အပေါ် အကျိုးဆောင်ရှေ့နေများက ဒေါက်တာ အေးမောင်နှင့် တိုင်ပင်သွားမည်ဖြစ်ပြီး လက်ခံလျှင် ၎င်း၏ ဆန္ဒအရ ဆက်လက်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျရှုံးခြင်း အခမ်းအနားတွင် ဒေါက်တာ အေးမောင်အပါအဝင် စာရေးဆရာ ကိုဝေဟင်အောင်တို့ ဟောပြောခဲ့သည့် စကားများမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်ပြား စေသည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ အပါအဝင် ပုဒ်မ (၃)ခုဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly