တတိယအကြိမ်ပင်လုံညီလာခံ ကျင်းပနိုင်ရေး အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဆွေးနွေး

တတိယအကြိမ်ပင်လုံညီလာခံ ကျင်းပနိုင်ရေး အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဆွေးနွေး

ရန်ကုန်၊ မေ ၃၁ ။            ။ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးအပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိတ်ဆို့နေသည့် အချက်များကို အစိုးရ၊ တပ်မတော်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ ဆွေးနွေးနေကြသည်။

အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ရန်ကုန်မြို့ ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းဗဟိုဌာနတွင် မေ ၃၀ ရက်တွင် တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

“ ညီလာခံဟာ တစ်ကြိမ်တည်းနဲ့ ကျင်းပပြီးအဖြေရှာလို့ ရတဲ့ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ညီလာခံ ကျင်းပဖို့ လိုသလို ကျင်းပတဲ့အချိန်မှာလည်း အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးရလဒ်တွေ ရရှိဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ဆက်ပြီးဆွေးနွေးနိုင်ဖို့၊ ကျော်လွှားနိုင်ဖို့၊ နည်းလမ်းတွေ ရှာနေတယ်လို့ပဲ ပြောချင်ပါတယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ရဲဘော်သံခဲက ပြောသည်။

၂၁ ရာစုပင်လုံကို ၆ လတစ်ကြိမ်ကျင်းပရန် သဘောတူညီထားသော်လည်း၂၀၁၇ ခုနှစ်မေလ ၂၈ ရက်နေ့က ဒုတိယအကြိမ်ကျင်းပခဲ့ပြီး မကျင်းပနိုင်ခဲ့သည်မှာ တစ်နှစ်ကျော်နေပြီလည်း ဖြစ်သည်။

တတိယအကြိမ်ညီလာခံကို လတ်တလောတွင် ဇွန်လနှောင်းပိုင်းအတွင်း ပြုလုပ်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြု တပ်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးထားခြင်း လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required