ကန့်ကွက်မှုကြောင့် ရပ်နားထားသော ဘိလပ်မြေစက်ရုံ ပြန်လည်ပတ်တော့မည်

ကန့်ကွက်မှုကြောင့် ရပ်နားထားသော ဘိလပ်မြေစက်ရုံ ပြန်လည်ပတ်တော့မည်

သရက်၊ မေ ၃၁ ။            ။ မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့ရှိ မြင်းခေါင်းအမှတ်တံဆိပ် ဘိလပ်မြေစက်ရုံသည် စက်ရုံသုံး လောင်စာအခက်အခဲကြောင့် သုံးနှစ်နီးပါး ရပ်နားထားခဲ့ရာမှ တင်ဒါအောင်ထားသော ကုမ္ပဏီတစ်ခုဖြင့် ပြန်လည်လည်ပတ်တော့မည်ဟု သိရသည်။

အဆိုပါ ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးဖြင့် ပြန်လည်လည်ပတ်ရန် အဆိုပြုတင်ပြခဲ့သော်လည်း သရက်မြို့ရှိ ဒေသခံတွေ၏ ကန့်ကွက်မှုကြောင့် သုံးနှစ်နီးပါး ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြန်လည် လည်ပတ်တော့မည့်အပေါ် မေလ ၂၉ ရက်နေ့တွင် သရက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးအောင် ဦးဆောင်ပြီး အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖလူဦးရေ ၅၁ ဦးက ကျောက်ဆည်မြို့ ALPHA CEMENT ဘိလပ်မြေစက်ရုံ၏ လက်တွေ့ကျကျ လည်ပတ်နေမှုအပေါ် သွားရောက် လေ့လာခဲ့ကြသည်။

သရက်ဘိလပ်မြေစက်ရုံပြန်လည်လည်ပတ်နိုင်ရန် အကြမ်းဖျဉ်းသဘောတူညီမှုများရရှိခဲ့ပြီး အဆိုပါ ASIA SQUARE ကုမ္ပဏီဘက်မှ ဘေးထွက်ဆိုးကျိုးမရှိဟု ဆိုသည်။

ASIA SQUARE ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးနေအောင်မှလည်း " မြန်မာနိုင်ငံရဲ့ ပထမဆုံးစက်ရုံကြီး လည်ပတ်နိုင်ရေး ဒေသခံတွေ သဘောပေါက်နားလည်စေရန် ခုလို ဖိတ်ခေါ်ပြီး ကိုယ်တိုင်လေ့လာခိုင်းတာပါ" ဟု ပြောသည်။

ကျောက်မီးသွေးဖြင့် လည်ပတ်ခြင်းမပြုလုပ်ရန် တားမြစ်ကန့်ကွက်ခဲ့ဖူးသော သရက်မြို့ဒေသခံ ဦးတင်အောင်မြင့် က " ဘေးထွက်ဆိုးကျိုးမရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ဝမ်းမြောက်စွာကြိုဆိုပါတယ်"ဟု ပြောသည်။

ထိုသို့ ပြောဆိုနေကြသော်လည်း ကျောက်မီးသွေးစက်ရုံများမှ ထုတ်လွှတ်သည့် အမှုန်များနှင့် သတ္တုများသည် လူကို အဆိပ်သင့်စေပြီး  အဆုတ်၊ သွေး၊ ဦးနှောက်၊ ကလေးသူငယ်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

အဆုတ်နှင့်ဆိုင်သော အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ အဆုတ်ယိုယွင်းခြင်း၊ ကလေးတွင် အဆုတ်ဖြစ်ပေါ်မှု ပုံမမှန်ခြင်းနှင့် သွေးနှင့်ဆိုင်သော ယောင်ရမ်းခြင်း၊ သွေးခဲမှုမြင့်တက်ခြင်း၊     သွေတိုးခြင်းများ ဖြစ်ပေါ်စေနိုင် သည်။

ထို့ပြင် ဦးနှောက်နှင့်ဆိုင်သော လေဖြတ်ခြင်း၊ ဦးနှောက်မှတ်ဉာဏ်ကျခြင်း၊ ပင်မဦးနှောက်အာရုံကြောရောဂါ၊ နှလုံးနှင့်ဆိုင်သော အမောဖောက်ခြင်း၊  နှလုံးခုန်နှုန်းပြောင်းလဲခြင်း၊  နှလုံးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပေါ်စေနိုင်ကာ ကလေးသူငယ်များတွင် ပေါင်မပြည့်သော ကလေးများမွေးဖွားခြင်း၊ သန္ဓေသားကြီးထွားမှု ပုံမမှန်ဖြစ်ခြင်း၊ လမစေ့ဘဲမွေးခြင်း၊ စိတ်ပိုင်း၊ခန္ဓာပိုင်းဆိုင်ကြီးထွားမှု ပုံမှန်မဟုတ်ခြင်းများအပြင် အမျိုးသားများ တွင် မျိုးပွားမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်တတ်ကြောင်း ယမန်နှစ်က ထုတ်ပြန်သော Green Peace အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly