တက္ကသိုလ်စာတန်းဖတ်ပွဲ ဟောပြောပွဲများ စိစစ်မည့်အစီအစဉ် ရတနာပုံ ကျောင်းသားသမဂ္ဂ ကန့်ကွက်

တက္ကသိုလ်စာတန်းဖတ်ပွဲ ဟောပြောပွဲများ စိစစ်မည့်အစီအစဉ် ရတနာပုံ ကျောင်းသားသမဂ္ဂ ကန့်ကွက်

 

မေ ၃၀ ။              ။ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်တွေမှာ စားတမ်းဖတ်ပွဲတွေ၊ဟောပြောပွဲတွေနဲ့ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက် အဆင့်မြင့်ပညာဦးစီးဌာနရဲ့ သဘောထားမှတ်ချက်   တောင်းခံရမယ်ဆိုတာနဲ့ပတ်သက်ပြီး ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ရတကသ)က ကန့်ကွက်သွားမယ်လို့ဆို ပါတယ်။

သဘောထား မှတ်ချက်တောင်ခံဖို့ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက မေလ ၂၁ ရက်၊ရက်စွဲနဲ့ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီညွှန်ကြားချက်ထဲမှာ "(၁)တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်နှင့်ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများကဦးစီး၍ အသိဉာဏ် ဗဟုသုတပြည့်ဝရေး၊အတွေ့အကြံုကောင်းများရရှိရေးအတွက် စာတမ်းဖတ်ပွဲများ၊ဟောပြောပွဲများ၊ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျှက်ရှိပါသည်။

(၂)အထက်ဖော်ပြပါစာတမ်းဖတ်ပွဲများ၊ဟောပြောပွဲများ၊ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်ရှိပါက သက်ဆိုင်ရာ ပါမောက္ခချုပ်၊ကျောင်းအုပ်ကြီးများ၏ စီစစ်ချက်၊တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၏ ထောက်ခံချက်နှင့်အတူ အဆင့်မြင့်ပညာဦးစီးဌာနသို့ အသိပေး၍ သဘောမှတ်ချက်ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။

(၃)စာတမ်းဖတ်ပွဲများ၊ဟောပြောပွဲများ၊ဆွေးနွေးပွဲများပြုလုပ်လိုပါကနိုင်ငံရေးနှင့်ပတ်သက်သည့်စာတမ်းဖတ်ပွဲများ၊ဟောပြောပွဲများ၊ဆွေးနွေးပွဲများခွင့််မပြုရန်ကျောင်းသား၊ကျောင်းသူများ၏ အနာဂတ်ဘဝ ပိုမိုသာယာလှပနိုင်ရေးအတွက် ပညာရပ်ဆိုင်ရာ သင်ကြား၊သင်ယူခြင်း၊သုတေသနဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဆန်းသစ်တီထွင် ဖန်တီးဆောင်ရွက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ဟောပြောပွဲများ၊ဆွေးနွေးပွဲများ ခွင့်ပြုပေးနိုင်ရန်အတွက် ဆွေးနွေး၊ဟောပြောဖတ်ကြားမည့်ခေါင်းစဉ် ၊Concept Note ၊လာရောက်ဆွေးနွေးဟောပြောမည့်ပုဂ္ဂိုများ၏အမည်၊ကိုယ်ရေးမှတ်တမ်းအကျဉ်း(တက္ကသိုလ်များမှဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန်)၊ဖိတ်ကြားမည့်သူစာရင်း၊တက်ရောက်မည့်ဦးရေ၊ကျင်းပမည့် နေ့ရက်၊အချိန်၊နေရာ စသည်များဖြင့် အချိန်မီ ကြိုတင်၍ သဘောထားမှတ်ချက်တင်ပြရန်နှင့် ခွင့်ပြုရန် သတ်မှတ်ချက်နှင့်ကိုက်ညီပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်"လို့ပါရှိပါတယ်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) ဥက္ကဋ္ဌ ကိုသန့်မင်းညို က အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး"ပညာရေးဝန်ကြီးဌာနက ခွင့်ပြုတဲ့ ဥပဒေ၊ နိုင်ငံရေး သိပ္ပံ နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တွေမှာ ဒီကြေငြာချက်ကြောင့် ထိခိုက်နိုင်တယ်။ နောက်ပြီး အဆင့်မြင့်ပညာဦးစီးဌာနကို ဖျက်သိမ်းပြီး တက္ကသိုလ်တွေကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုတာတွေရှိတယ်။ ဒီကြေငြာချက်ကို ထုတ်ခြင်းအားဖြင့် လက်ရှိ ဗဟိုဦးစီးချုပ်ကိုင်မှုက ရှိနေဆဲပဲဆိုတာ ပြလိုက်တာဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့စကားတစ်ခုရှိတယ်။ ကျောင်းသားတွေကို နိုင်ငံရေးမလုပ်စေချင်တဲ့လူတွေက ကျွန်မတိုနိုင်ငံကို ဒီမိုကရေစီနိုင်ငံ မဖြစ်စေလိုသူတွေလို့ပြောထားတယ်။ သူတို့ကိုယ်တိုင် ပြောင်းလဲချိန်တန်ပြီဆိုပြီးတတ်လာတဲ့ သူတွေကိုယ်တိုင်က အရင်ပုံစံအတိုင်းမပြောင်းလဲသေးဘူးလို့ ထင်တယ်။"လို့ပြောပါတယ်။
 
ပညာရေးဝန်ကြီဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ထုတ်ပြန်ထားချက်အပေါ် တက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ယက်(ရေဆင်း)ကလည်း မေလ ၂၉ ရက်၊ရက်စွဲနဲ့ ကန်ကွက်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ယက်(ရေဆင်း)မှာ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊သစ်တောတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ပါဝင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required